9 ပတ် - ဘာသာပြန်ပါ။

Part-4
*နိမိတ်မကောင်းသောပွဲအထွက်

ထို့ကြောင့် ကျွန်တော်သီချင်းကို ထပ်ဖွင့်သည်။ ဖြည်းဖြည်းချင်း လျော့ ချသည်။ ကျွန်တော်နှုတ်ဖျားမှ မည်သည့်အသံမျှ ထွက်မလာ။ ထိုသို့ နောက် တစ်ခေါက် ထပ်လုပ်ရသည်။ သုံးကြိမ်တိုင်အောင် ကျွန်တော်၏ သောတ ရှင်များက ဓာတ်ပြားတစ်ချပ် အသံနိမ့်လိုက် မြင့်လိုက်ဖြစ်နေသည်ကိုသာ ကြားရသည်။ လူသံကို လုံးဝမကြားရပေ။
ကျွန်တော့်ကိုယ် ကျွန်တော် “ငါတော့မှားနေပြီ” ဟု ပြောမိသည်ကို မှတ်မိသည်။ ကျွန်တော့်အနေဖြင့် လမ်းပေါ်က လူတစ်ယောက်သာဖြစ်ပြီး ဤအလုပ်ကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်ရန် အဆင်သင့်မဖြစ်သေး။ ဤ အလုပ်ကို ကျွန်တော် သဘောကျနှစ်ခြိုက်သော်လည်း ဤအလုပ်အတွက် ကျွန်တော် အဆင်သင့်မဖြစ်သေးပေ။ လုပ်နိုင်ရန်အတွက် အစွမ်းအစများ မရှိသေးပေ။
ထိုကဲ့သို့သော ဧရာမ အခွင့်အရေးကြီးကို ပေးလောက်အောင် အလွန်ကြင်နာတတ်သည့် မာရှယ်စင်မွန်က အထွေထွေမန်နေဂျာ တစ်ယောက် အနေဖြင့် ဒေါသထွက် ပေါက်ကွဲတော့သည်။ ထိန်းချုပ်ခန်းတံခါးကို သူ၏ ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး စကားလုံး ငါးလုံးကို ကျယ်ကျယ်လောင် လောင် ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
“ဒါဟာ... ဆက်သွယ်ရေးလုပ်ငန်းကွ”
ထို့နောက် သူသည် တံခါးကိုဆောင့်ပိတ်ပြီး ကျောခိုင်းထွက်ခွာ သွားသည်။
ထိုအချိန်၌ မိုက်ကရိုဖုန်းကို ဆွဲယူလိုက်ပြီး အသံလွှင့်သူတစ်ယောက်၏ ပထမဆုံး ဝေါဟာရများကို ရွတ်ဆိုလိုက်သည်။
“မင်္ဂလာပါခင်ဗျား... ဒီနေ့ဟာ ကျွန်တော့်အတွက် ရေဒီယိုမှာ အသံလွှင့်တဲ့ ပထမဆုံးနေ့ဖြစ်ပါတယ်။ ကျွန်တော်ဟာ အလွန်အသံလွှင့် ခဲ့ချင်တာပါ။ ဒီလို အသံလွှင့်ဖို့လည်း တစ်ပတ်လုံး ပြင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ မိနစ်က ကျွန်တော်ဟာ နာမည်အသစ်ရပါတယ်။ ကျွန်တော့် အစီအစဉ်အတွက်လည်း သီချင်းအသစ်တစ်ပုဒ် အဆင်သင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ပါးစပ်က ဘာသံမှမထွက်ဘူး။ ကျွန်တော့်စိတ်တွေ သိပ်လှုပ်ရှားနေတယ်။ ကျွန်တော့်ရဲ့ အထွေထွေမန်နေဂျာကြီးက အခုပဲ တံခါးကို ပိတ်ကန်ထည့်လိုက်ပြီး ဒါဟာ ဆက်သွယ်ရေးလုပ်ငန်းကွလို့ ပြောသွားပါတယ်”
ယခုလို စတင်ပြောနိုင်ခြင်းကြောင့် ဆက်ပြောရန် ယုံကြည်စိတ်ချမှု များ တိုးပွားလာခဲ့သည်။ ဆက်ပြောရာတွင်လည်း အစစအရာရာ အဆင်ပြေ သွားသည်။ ဤသည်မှာ စကားပြောသည့် လုပ်ငန်းအစ၌ ကျွန်တော်တွေ့ခဲ့ ရသည့် အတွေ့အကြုံဖြစ်သည်။ ရေဒီယိုအသံလွှင့်လုပ်ငန်းတွင် နောက် နောင်၌ မည်သည့်အခါမျှ စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။

#ဆက်ရန်ရှိ

image