လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၌ ရင်းနှီးမြှုပ်နှံရန်အသင့်ဟု ရုရှားဆို
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံတွင်လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန်အသင့်ရှိသည်ဟု ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Maxim RESHETNIKOV က ယမန်နေ့ နေပြည်တော်၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောဆိုသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအပြင် ဓာတ်မြေသြဇာထုတ်လုပ်ရေး၊ ရေနံနှင့်ဓာတုထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရေးတို့တွင်ပါ ရုရှားနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်အသင့်ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာနှင့် ရုရှားနိုင်ငံတို့ကြား ကောင်းမွန်သည့်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး စီးပွားရေးဆိုင်ရာအပြင် နယ်ပယ်ကဏ္ဍပေါင်းစုံ၌ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားလိုအပ်သည့်အချိန်တိုင်း၌ အကူအညီများပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သားရရှိရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- MOI
#သတင်းဟင်းလေးအိုးကြီး
