ထရမ့်က အာရှ၏ စွမ်းအင်လိုအပ်ချက်ကို ပုံဖော်ဖွယ်ရှိ
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယခုလအတွင်း ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ (Shigeru Ishiba) နှင့် တွေ့ဆုံဆွေးနွေးခဲ့ချိန်က အာရှရှိ အမေရိကန်၏ မဟာမိတ်များအား အလက်စကာ (Alaska) ပြည်နယ်မှ ဓာတ်ငွေ့များ ဝယ်ယူရေးကိစ္စကို အဓိကထား ဆွေးနွေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျပန်သည် ၎င်း၏ စွမ်းအင်လိုအပ်ချက်အတွက် အရှေ့အလယ်ပိုင်းမှ ရေနံများ ဝယ်ယူတင်သွင်းနေမှုကို ပြောင်းလဲ ပြီး အမေရိကန်ထံမှ သဘာဝဓာတ်ငွေ့ရည် (LNG) များဝယ်ယူရန် ကြိုးပမ်းလျက်ရှိသည်။
ဂျပန်ဝန်ကြီးချုပ် အီရှီဘာကလည်း အမေရိကန်၏ အခွန်တိုးကောက်မည့် အစီအစဉ်ကို ကာမိစေရန် Alaska LNG ကုမ္ပဏီထံမှ ဓာတ်ငွေ့များကို ဝယ်ယူရန် စိတ်အားထက်သန်နေသည်။
အီရှီဘာက ထိုဓာတ်ငွေ့ရည်များ ဝယ်ယူရေးအတွက် ဒေါ်လာ ၄၄ ဘီလျံ တန်ကြေးရှိ ပရောဂျက်တွင် ပါဝင်ရန် မျှော်လင့်ကြောင်း ထရမ့်ကို ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။
ထရမ့်ကမူ အီရှီဘာနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သဘာဝဓာတ်ငွေ့ရည် ရောင်းဝယ်ရေး ကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်စကားများကို လူသိရှင်ကြား ပြောကြားခဲ့သော်လည်း အီရှီဘာကမူ တရားဝင် မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
အမေရိကန်၏ သဘာဝဓာတ်ငွေ့ရည်များကို ဝယ်ယူမှုသည် အာရှရှိ အမေရိကန်၏ မဟာမိတ်များအတွက် ရုရှားမှ ဓာတ်ငွေ့များအပေါ် မှီခိုနေရမှုကို လျော့ကျစေလိမ့်မည်ဟု အလက်စကာပြည်နယ် အထက်လွှတ်တော်အမတ် ဒန် ဆူလေဗန် (Dan Sullivan) က ပြောကြားခဲ့သည်။
အီရှီဘာအပြင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ( Narendra Modi ) သည်လည်း ယခုလအတွင်း ထရမ့်နှင့် တွေ့ဆုံခဲ့ချိန်က အမေရိကန်၏ ဓာတ်ငွေ့များကို ဝယ်ယူမည်ဟု ကတိပြုခဲ့သည်။
တရုတ်၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာခံထားရသည့် ထိုင်ဝမ်ကလည်း အလက်စကာပြည်နယ်မှ ဓာတ်ငွေ့ ရည်များ အပါအဝင် အမေရိကန်ထံမှ စွမ်းအင်များကို ဝယ်ယူရန်စဉ်းစားနေသည်။
တောင်ကိုရီးယားကလည်း Alaskan LNG နှင့် အခြား အမေရိကန်၏ စွမ်းအင်ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေသည်ဟု တောင်ကိုရီးယား အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
Source: ရိုက်တာ
ပုံ - ဂျပန်ဝန်ကြီးချုပ် အီရှီဘာနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
#centralnewsnaypyitaw
