၆ လ အားခံတဲ့ ဘက်ထရီသုံး ဒေါ်လာ ၆၀၀ တန်ဖုန်း
တကယ်သုံးမယ်ဆို ဒီဖုန်းက တန်တယ်။ ဘက်ထရီနဲ့တင် ဝယ်ပျော်တယ်ဆိုပေမယ့် ဘက်ထရီအစွမ်းနဲ့တင် ရပ်မနေပါဘူး။
ကမ္ဘာပေါ်မှာ ဘက်ထရီအားအခံဆုံးဆိုတဲ့ဖုန်းတွေ ထုတ်နေတဲ့ Oukitel ရဲ့ ထုတ်ကုန်ပါ။ Oukitel ရဲ့ ပုံစံအတိုင်း ဘက်ထရီအကြီးကြီးတွေနဲ့ လာပြီး ဘော်ဒီကလည်း မနည်းမနောထူပါတယ်။
Oukitel WP100 Titan က ၁.၃ လက်မထူပါတယ်။ ဒီလောက်ထူရတဲ့အကြောင်းက ဧရာမ 33000mAh ဘက်ထရီကြီး သုံးထားလို့ ဖြစ်ပြီး standby ထားမယ်ဆို ၄၄၅၉ နာရီ (၆ လ လောက်) အထိ အားခံမယ်လို့ ဆိုပါတယ်။ ဘက်ထရီပါဝါအကြီးကြီး သုံးတာကလည်း အကြောင်းရှိပါတယ်။
ဒီဖုန်းမှာက ရွေ့လျားရုပ်ရှင်ရုံတစ်ခုလို ၊ ပရိုဂျက်တာတစ်ခုလို အလုပ်လုပ်နိုင်မယ့် 100-lumen pico ပရိုဂျက်တာ ပါပါတယ်။ တောထဲတောင်ထဲရောက်တုန်း ညဘက် ရုပ်ရှင်ကို ပရိုဂျက်တာနဲ့ ကြည့်ချင်ရင်လည်း ဒီဖုန်းမှာပါတဲ့ built-in ပရိုဂျက်တာနဲ့တင် ကြည့်လို့ရပါတယ်။
projector နဲ့ ရုပ်ရှင်ကြည့်မယ်ဆို ရုပ်ရှင်ကား ၆ ကားအထိ ကြည့်နိုင်မှာပါ။ ဘက်ထရီပါဝါ 33000 mAh သုံးထားတာကလည်း ဒီ function သုံးနိုင်ဖို့ပါပဲ။ ဖုန်းမီးကလည်း 1200 lumen မီးသုံးထားတာ ဖြစ်လို့ camp light အနေနဲ့ နာရီ ၁၅၀ ဆက်တိုက် ထွန်းထားနိုင်မှာပါ။
အကြမ်းခံမှုဘက်မှာလည်း ဒီဖုန်းက မေးခွန်းထုတ်စရာမရှိအောင် ကောင်းပါတယ်။ အမြင့် ၅ ပေက လွတ်ကျတဲ့ဒဏ် ၊ ရေအနက် ၅ ပေမှာ ရေစိမ်ခံနိုင်တဲ့အစွမ်း IP69K ကာကွယ်မှုနဲ့ စစ်တပ်သုံးအကြမ်းခံမှု MIL-STD-810H စံတွေ ပါတဲ့ ဖုန်းဖြစ်လို့ ပြိုင်ဘက်ကင်းအကြမ်းခံဖုန်းလို့ ဆိုနိုင်ပါတယ်။
တခြား specs တွေကလည်း Rugged ဖုန်းတစ်လုံးအနေနဲ့ မြင့်ပါတယ်။ 2.5GHz Dimensity 7300 processor ၊ RAM 16GB/512GB storage နဲ့ လာပြီး ၊ 120Hz ၆.၈ လက်မ FHD+ display သုံးထားသလို ကျောဘက်ကင်မရာကိုလည်း 200MP main sensor ၊ 20MP Infrared Night Vision ကင်မရာနဲ့ 2MP Macro lens တွေ သုံးပေးထားပါတယ်။
32MP selfie ကင်မရာ ၊ 66W fast charging သုံး WP100 Titan ကို ရန်ပုံငွေစုပြီး product ဖန်တီးတဲ့ Kickstarter ကမ်ပိန်းကနေ ထုတ်တာပါ။ Kickstarter က ဒီအတွက် funding ဒေါ်လာ ၁ သောင်းမှန်းထားပြီး အခု လျာထားချက်ကို ကျော်သွားပြီလို့ ဆိုပါတယ်။
အစောဆုံး ဝယ်သူတွေက WP100 Titan ကို ၅၉၉ ဒေါ်လာနဲ့ pre-order မှာနိုင်မှာ ဖြစ်ပြီး ဧပြီလထဲလောက် ပစ္စည်းအရောက်ပို့မယ်လို့ ပြောထားပါတယ်။
