Part-4
*“ရှားရှားပါးပါး ဒေါသ”
ကျွန်တော် ရဟန်းဝါ (၁၈-ဝါ)ရပြီဆိုတော့ ကျွန်တော့်ထက် အသက်ကြီးတဲ့ ဆရာနိုးတို့က အသက်(၉၀)တွင်း ချင်းနင်းဝင်ရောက်လာကြပြီ။ အသက်ကြီးပြီ ဆိုတော့ ခန္ဓာကိုယ်ကြီးက ကားအိုကြီးလို ဟိုကပျက် ဒီကပျက်နဲ့ ပျက်စီးစပြုပြီ။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတော့ ကားအိုကြီး မရွေ့နိုင်တော့သလို ဆရာနိုးလည်း အိပ်ရာပေါ်မှာ လှဲနေရပြီ။
ဆရာနိုး အိပ်ရာပေါ်က မထနိုင်တော့ဘူးလို့ သတင်းကြားတာနဲ့ ဦးဇင်းကြီး လည်း အိမ်က ဒကာမကြီးရယ်၊ သမီး မီမီအေးရယ် စားသောက်ဖြစ်မယ့် အင်ရှူးဝါး နဲ့ မုန် ့တို့ကိုယူပြီး သွားခဲ့ကြတယ်။
ဦးဇင်းကြီးတို့ ဆရာနိုးတို့တိုက်ခန်းကို (၈)နာရီခွဲရောက်အောင်သွားခဲ့ကြ တယ်။ အကြောင်းကတော့ မီးက (၉)နာရီပိတ်မှာ၊ မီးပိတ်ရင် ဓာတ်လှေကားက တက်လို့မရတော့ဘူး။ ဓာတ်လှေကားအမီ (၈)နာရီခွဲရောက်အောင် သွားခဲ့တယ်။ ဦးဇင်းကြီးတို့ရောက်တော့ ဆရာနိုးက အိပ်တုန်း။ မလေးနွယ်က ပြောတယ် သူက (၁၁)နာရီလောက်မှနိုးတယ်၊ သူနိုးတော့မှ ရေမိုးချိုး၊ အဝတ်အစားလဲ၊ တိုက်စရာ ဆေး၊ ကျွေးစရာအစာတို့ကို တိုက်ရကျွေးရတယ်တဲ့။
ဦးဇင်းကြီးတို့ကလည်း ကျောင်းကို ဆွမ်းစားအမီ ပြန်ကြွရမှာဆိုတော့ အဲဒီ အချိန်ထိအောင် စောင့်နေလို့တော့ မရဘူး။ ပြီးတော့ ရောက်တဲ့အခိုက် “ဗောဇ္ဈင် သုတ်” ပရိတ်တော်လေးလည်း ရွတ်ပေးခဲ့ချင်တယ်ဆိုလို့ မလေးနွယ်က တစ်ဖက် လှည့်အိပ်နေတဲ့ ဆရာနိုးမျက်နှာကို ဦးဇင်းကြီးတို့ဘက် လှည့်စောင်းပေးတယ်။ ဦးဇင်းကြီးလည်း ဆရာနိုးအနားသွားပြီး “ဗောဇ္ဈင်သုတ်”ပရိတ်တော် ရွတ်ပေး မယ်လို့ ဆရာ့အားပြောပြီး ရွတ်ပေးခဲ့ပါတယ်။
“ဗောဇ္ဈင်သုတ်”အချပိုဒ်မှာ “သောတ္ထိတေ ဟောတု သဗ္ဗဒါ”ဆိုတဲ့ ဆုတောင်း ဂါထာလေးပါတယ်။ အဲဒီ “တေ”ဆိုတဲ့နေရာမှာ “ကျောက်ဆောက်သာနိုး”လို့ ထည့်ရွတ်ပေးလိုက်တယ်။ သဘောကတော့ “သောတ္ထိ ကျောက်ဆောက်သာနိုး ဟောတု သဗ္ဗဒါ”လို့ ရွတ်ပေးလိုက်တော့ အိပ်ပြီးမှိန်းနေတဲ့မျက်နှာက ပြုံးပြီး မျက်စိ ပွင့်လာတယ်။ စကားတွေလည်း သမီး မီမီအေးနဲ့ ပြောကြတယ်။ သမီး ပြန်ပြောပြ တာကတော့ သူ ကြည်နူးဝမ်းသာပီတိ ဖြစ်မိတယ်တဲ့။
ဦးဇင်းကြီးတို့လည်း မလေးနွယ် ရှယ်လုပ်ထားတဲ့ ဘူးသီးကြော်နဲ့ အချဉ်ရေ ကို အားပေးပြီး ပြန်လာခဲ့ကြပါတယ်။
နောက်တစ်လလောက်အကြာ ဝါဆိုလပြည့်နေ့ ည(၈)နာရီလောက်မှာ မီမီအေးက မျက်နှာညှိုးငယ်စွာနဲ့ သတင်းလာပြောတယ်။ ဆရာနိုး မရှိတော့ဘူးတဲ့။
#ဆက်ရန်ရှိ