" အားအကြီးဆုံး ကုသိုလ် "
ကုသိုလ် , အကုသိုလ် ဆိုတာ ဘာကို ပြောတာလဲ ?
အဆင့်အတန်းနှိမ့်တဲ့စိတ်ကို အကုသိုလ်လို့ ပြောတာ။
အဆင့်အတန်းမြင့်တဲ့စိတ်ကို ကုသိုလ်လို့ ပြောတာ။
ကုသိုလ်တွေ ဘယ်နှစ်မျိုး ကြားဖူးလဲ ?
သုံးမျိုးနော် ,
-ဒါနကုသိုလ်,
-သီလကုသိုလ်,
-ဘာဝနာကုသိုလ် ။
ဒါနဆိုတာ . . .
သူတပါးကို ပေးတာ။ ဘယ်သူ့အကျိူးအတွက် ပေးတာလဲ ? သူ့အကျိုးအတွက် ပေးတာပါ။
သူ့ကို ကောင်းတဲ့စေတနာလေးနဲ့ ပေးလိုက်တာ ဟာ ကိုယ့်ရဲ့စိတ်ထား မြင့်သွားဖို့ရာ အကြောင်း ဖြစ်သွားပြီနော်။ အဲဒီတော့ ကိုယ့်မှာ ကုသိုလ် ဖြစ်တယ် ဆိုတာ အဲဒီမြင့်တဲ့စိတ်ကလေး ဖြစ်တာကို ပြောတာ။
စိတ်ထားကို မြင့်ပေးလိုက်တာဟာ ကုသိုလ်။
ဒါနကုသိုလ်ထက် သီလကုသိုလ်က ပိုပြီးတော့ အားကြီးတယ်။ ဘာဖြစ်လို့လဲ ?
စိတ်ဓါတ်အင်အားကို ပိုပြီးတော့ ကြီးစေလို့။
စိတ်ဓါတ်အဆင့်အတန်းကို ပိုပြီးတော့ မြင့်မားစေလို့ပါ။
ဒါနကို လုပ်တဲ့အခါမှာ ဖြစ်လာတဲ့ စိတ်ဓါတ်အင်အား ထက် သီလကြောင့် ဖြစ်တဲ့ စိတ်ရဲ့ စွမ်းအားတွေက ပိုကြီးတယ်။
ဘာဝနာတရားအားထုတ်တဲ့အခါကျတော့ သမာဓိ သိပ်ကောင်းပြီး စိတ်က ကြည်လင် သန့်ရှင်း လာတဲ့အခါ , အသိဉာဏ်တွေ ဖြစ်လာတဲ့ အခါကျတော့ စိတ်ဓါတ် အဆင့်အတန်း ပိုမြင့်သွားတယ်။
စိတ်ဓါတ်အဆင့်အတန်းတင်မကဘူး။
အသိဉာဏ်အဆင့်အတန်းတွေပါ တော်တော် မြင့်သွားတယ်။
စိတ်ဓါတ်ရဲ့ စွမ်းအားသတ္တိတွေ ကြီးလာတယ်။
ဒါကြောင့် ဘာဝနာတရားက အားအကြီးဆုံးကုသိုလ် ဖြစ်တယ်။
( ဆရာတော် ဦးဇောတိက - မဟာမြိုင်တောရ )
