လွန်ခဲ့တဲ့ ၂၂ နှစ်အကြာက ပျောက်ဆုံးနေတဲ့ Nokia 3310 ဖုန်းဟာ အားမကုန်သေးဘဲ ဘက်ထရီ ၁ တုံး ကျန်နေ
==============================================================
မိုဘိုင်း ခေတ်ဦးအစမှာ နာမည်ကြီးခဲ့တဲ့ Nokia ရဲ့ ဖုန်းတွေဟာ ဒီနေ့ခေတ် စမတ်ဖုန်းတွေထက်တောင် အသုံးခံတယ်ဆိုတဲ့ အထောက်အထား ထွက်လာပါတယ်။
အဲဒါကတော့ လွန်ခဲ့တဲ့ ၂၂ နှစ်အကြာက ပျောက်ဆုံးနေတဲ့ Nokia 3310 ကို ပြန်တွေ့ချိန်မှာ အားမကုန်သေးဘဲ ဘက်ထရီ ၁ တုံးကျန်နေတာကို အံ့အားသင့်စွာ တွေ့ခဲ့ရပါတယ်။ ဖုန်းပိုင်ရှင်က ဝေလ နိုင်ငံ Pontypridd မှ အမျိုးသား တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဒီဖြစ်ရပ်ကို မယုံကြည်နိုင်ဖြစ်နေပါတယ်။
အရင်ကလည်း အလားတူ ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ ဒီဖုန်းကလည်း Nokia 3310 ပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဆယ်စုနှစ် ၂ ခုကြာ မသုံးဘဲထားခဲ့တဲ့ Nokia 3310 ဖုန်းဟာ ဘက်ထရီ ၇၀ ရာခိုင်နှုန်းကျန်နေသေးတာကို ပိုင်ရှင်က အံ့အားသင့်စွာ တွေ့ခဲ့ရပါတယ်။
အဲဒီအတွက် Nokia Keypad ဖုန်းတွေရဲ့ ဘက်ထရီ သက်တမ်းဟာ ဩချရလောက်အောင် ကြာရှည်တယ်ဆိုတာ သက်သေပြသနေပါတယ်။
