❝ ကရာတေးပုံပြင်တစ်ပုဒ် အဆုံးသတ်ခြင်း ❞
• ကျွန်တော် Cobra Kai ကိုစကြည့်တော့ ၂၀၂၀၊ ကိုဗစ်ကာလရဲ့ အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့အချိန်မှာ ၁၉၈၄ Karate Kid ရဲ့ Sequel ဇာတ်လမ်းတစ်ခုကို ရှာတွေ့ခဲ့တယ်..Cobra Kai ကိုစကြည့်တော့ ဘာမျှော်လင့်ချက်မှလည်းမရှိဘူး၊ ကျွန်တော်အကြိုက်ဆုံးဇာတ်လမ်းတွဲတွေထဲက တစ်ခုဖြစ်လာလိမ့်မယ်လို့လည်း မသိခဲ့သေးဘူး..အပိုင်း ၁ ရဲ့ အဖွင့်မှာ Daniel LaRusso နဲ့ Johnny Lawrence တို့ရဲ့ ၈၄ တုန်းက All Valley ကရာတေးပွဲအစချီတယ်၊ ပြီးတော့ ဘဝပျက်နေတဲ့ Johnny Lawrence ကိုတွေ့လိုက်ရတယ်..အဲ့အထိ Nostalgic ဖြစ်မိတာကလွဲလို့ ဘာမှသိပ်မခံစားရသေးဘူး..တဖြည်းဖြည်း Johnny ရဲ့ ရုန်းကန်မှုတွေနဲ့ ဗရုတ်ကျတာတွေ့တွေ့ပြီး ရယ်လည်းရယ်ရ၊ ဇာတ်လမ်းကလည်းဆွဲဆောင်လာတာနဲ့ ဘာဆက်ဖြစ်မလဲစိတ်ဝင်စားသွားပြီး ကရာတေးကမ္ဘာထဲခုန်ဆင်းခဲ့မိတာပါပဲ။
• Cobra Kai ပရိတ်သတ်၊ Cobra Kai Lore ထဲကို သေသေချာချာနစ်ဝင်ဖူးတဲ့သူတွေဆိုသိကြတယ်..Cobra Kai ရဲ့ ကျောရိုးက How I Met Your Mother က Barney ဇာတ်ကောင်ဆီကနေဆင်းသက်လာတာပါ..Cobra Kai ဖန်တီးသူတွေကလည်း Barney ရဲ့ တွေးခေါ်ပုံအတိုင်း Character Background ကို Flip လိုက်ပြီး Johnny Lawrence ရဲ့ ရှုထောင့်ကို ပြန်အသားပေးပုံဖော်ခဲ့ကြတယ်ပေါ့လေ..ဒီလိုမျိုး သာမန်အတွေးစလေးတစ်ခုက ဟောလိဝုဒ်ရဲ့ကရာတေးကမ္ဘာကြီးကို ပြန်အသက်သွင်းနိုင်မယ်လို့ထင်ခဲ့ကြပုံလည်းမပေါ်ပါဘူး..ဒီဇာတ်လမ်းတွဲစထုတ်ကတည်းက ပရိုမိုးရှင်းကောင်းကောင်းလည်းမသုံးနိုင်ခဲ့၊ ထုတ်လွှင့်ရတဲ့ချန်နယ်ကလည်း YouTube Red မှာ၊ Karate Kid ပရိတ်သတ်အနည်းစုလောက်သာ စိတ်ဝင်စားခဲ့ကြပြီး အရင်းကြေဖို့တောင်ခက်ခဲ့သဗျ..ဒါနဲ့ပဲ အတွဲ ၂ မှာတင် ကရာတေးအိပ်မက်တွေပြန်မြုပ်သွားခဲ့ရတယ်။
• အဖြစ်ကဘယ်လောက်ဆိုးလဲဆိုတော့ ဒီသတင်းကိုသိလိုက်ရတာက ကျွန်တော် အတွဲ ၂ တွဲလုံး အားရပါးရ Binge ပြီး ၂ ရက်လောက်အကြာမှာပဲ..ထုံးစံအတိုင်း Cliffhanger ကြီးနဲ့ထားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုအတွက် တစ်ပတ်လောက်တော့ ငူငူငိုင်ငိုင်ပေါ့၊ ပြီးတော့လည်း ဇာတ်လမ်းတွဲကျောနပ်နေတဲ့သူတစ်ယောက်ပီပီ မေ့သွားတာပါပဲ..တစ်ချက်တစ်ချက်တော့လည်း သူမကိုသတိရသလိုမျိုးလေးကဖြစ်သေး..ဒါနဲ့ သိပ်မကြာဘူး၊ Netflix က အလားအလာရှိတဲ့ဇာတ်လမ်းတွဲလို့ယူဆပြီး ကောက်ဝယ်လိုက်တယ်..အဲ့အချိန် ငါဆက်ကြည့်ရတော့မယ်ဆိုတဲ့ခံစားချက်ကြီးက ဘာနဲ့မှမလဲနိုင်၊ နှစ်ရှည်လများကြိတ်ပိုးလာခဲ့တဲ့ Crush လေးဆီက အဖြေရလိုက်သလိုလို (ဒါမျိုးခံစားရတာကို စတူဒီယိုတွေထပ်တူလိုက်ခံစားပေးရင်သိပ်ကောင်းမယ်)..ဒီလိုနဲဲ့ပ ကရာတေးခရီးဆက်လာလိုက်တာ အတွဲ ၆ တွဲနဲ့ မနေ့ကတင် အပြီးတိုင်အဆုံးသတ်သွားခဲ့ပါပြီ။
• အမှန်တိုင်းပြောရရင် ကြားထဲမှာတော့ Netflix ရဲ့ ထုံးစံအတိုင်း ငွေပတ်ရှာလိုက်၊ ဆွဲဆန့်လိုက်နဲ့ အတက်အကျ၊ အဆိုးအကောင်းလေးတွေရှိခဲ့တာတော့ လက်ခံရလိမ့်မယ်ဗျ..ဘာပဲဖြစ်ဖြစ် Karate Kid ပြီးကတည်းက ရုပ်ရှင်ကားကြီးတွေမှာသိပ်မတွေ့ရတော့ပဲ မြုပ်နေတဲ့ Ralph Macchio နဲ့ William Zabka တို့လည်း ရုပ်ရှင်လောကမှာပြန်အသက်ဝင်လာတယ်၊ အလားအလာရှိတဲ့ လူငယ်သရုပ်ဆောင်တွေလည်း Cobra Kai ကြောင့် ဆန်းထလာတယ်၊ Blockbuster ရုပ်ရှင်တွေမှာ အရွေးခံရတဲ့သူတွေရှိလာတယ်၊ Netflix ရဲ့ ပင်တိုင်သရုပ်ဆောင်တွေဖြစ်လာတယ်၊ အချစ်ကိုရှာတွေ့တဲ့သူတွေရှိလာတယ် (မနေ့က Cobra Kai နောက်ဆုံးအပိုင်း အထူးပွဲမှာ Robby သရုပ်ဆောင် Tanner Buchanan နဲ့ Sam သရုပ်ဆောင် Mary Mouser တို့က တရားဝင်စေ့စပ်သွားကြပြီ)..ဒါကြောင့်လဲ Cobra Kai ဟာ ဇာတ်လမ်းတွဲတစ်ခုထက်ပိုတယ်လို့ ပြောနေကြတော့တာပေါ့။
• Cobra Kai ကို ဇာတ်လမ်းတွဲတစ်ခုထက်ပိုတယ်လို့ပြောချင်ရင် အပေါ်ကအချက်တွေနဲ့တော့မလုံလောက်ဘူး..ကြည့်ခဲ့ရတဲ့တောက်လျှောက်မှာ ဇာတ်ညွှန်းအရဖြစ်ပျက်ခဲ့တာတွေနဲ့ အဆုံးသတ်မှာပိတ်သိမ်းပေးသွားတဲ့ ဇာတ်ကောင်တွေအပေါ် ခရီးတစ်ခေါက်ပြန်လျှောက်ကြည့်ရင် ပိုပြီးမြင်သာစေတယ်..အရင်ဆုံးပြောရရင်တော့ ဇာတ်လမ်းကိုအဓိကသယ်ပိုးနေတဲ့ Johnny ဟာ ဆရာကောင်းတပည့်ပန်းပန်တဲ့အခြေအနေကိုမရခဲ့ပဲ ပျက်ပြားခဲ့ရပေမဲ့ သူဆရာတစ်ယောက်ဖြစ်လာတဲ့အချိန် လမ်းလွဲပေါ်မရောက်အောင်ထိန်းသိမ်းနိုင်ခဲ့ပုံတွေကို တဆင့်ဆင့်နဲ့ချပြလာလိုက်တာ မနေ့ကအဆုံးသတ်မှာတော့ လူမိုက်ကနေ ဆရာ၊ ဆရာကနေ အဖေဆိုတဲ့ အထွတ်အထိပ်ထိရောက်ရှိခဲ့ပါပြီ..ဇာတ်ကောင်တွေကြားမှာ အမြဲတမ်းရှိနေတတ်တဲ့မီးစလေးတွေကိုလည်း အပြီးတိုင်ငြိမ်းသတ်နိုင်ခဲ့သလို Character Redemption တွေဟာလည်း သိပ်အားရစရာကောင်းခဲ့တယ်..ကရာတေးနဲ့အစချီပြီး ကရာတေးနဲ့အဆုံးသတ်ရတဲ့အခြေအနေမှာ ရင်ခုန်ဖွယ်ရာလေးတွေထပ်တွေ့ရတာဟာ ဇာတ်ညွှန်းဆရာတွေအနေနဲ့ အကောင်းဆုံးပိတ်သိမ်းမှုကို သေသေချာချာ တွေးတောခဲ့ကြပုံပါပဲ..အခက်ခဲဆုံးဖြစ်တဲ့ အနိုင်အရှုံးရွေးချယ်မှုမှာ ပညာသားပါပါ ကိုင်တွယ်သွားပုံတွေ၊ အထူးသဖြင့် အနိုင်အရှုံးဟာပဓာနမဟုတ်ပဲ အားကစားစိတ်ဓာတ်ကိုအရင်းခံပြီး ဇာတ်ကောင်တွေကို လိုအပ်ရာနေရာမှာကျကျနနထားသိုပိတ်သိမ်းပေးခဲ့တာဟာ ကရာတေးပုံပြင်တစ်ပုဒ်မှာ လိုအပ်နေခဲ့တာတွေပဲမဟုတ်လား။
• အတွဲ ၆ ထိရောက်လာတဲ့အခြေအနေဟာ သိပ်ပြီးမလိုအပ်ခဲ့ပဲ စောစောစီးစီးပိတ်သိမ်းလို့ရခဲ့သော်ငြားလည်း အပိုင်း ၁၅ ပိုင်းအတွင်းမှာ ဇာတ်လမ်းအတက်အကျတွေ၊ လိုအပ်တဲ့တင်းမာမှုတွေ၊ တစ်နေရာနဲ့တစ်နေရာ ချိတ်ဆက်ပေးထားတာတွေဟာ တော်တော်လေးကိုသိသာတာမျိုးတွေ့ရတယ်..Nostalgic ဖြစ်စရာတွေအများကြီးနဲ့ ပရိတ်သတ်တွေတသသဖြစ်ရအောင် ရိုက်သွင်းခဲ့ပုံတွေကလည်း ကြည့်နေရင်း ကျေနပ်ပီတိဖြစ်ရသလိုလို၊ ဆွေးပဲဆွေးရသလိုလိုနဲ့ ဝမ်းနည်းဝမ်းသာကြီး..ကိုယ်တောက်လျှောက်စောင့်ကြည့်လာခဲ့တဲ့ ဇာတ်ကောင်တွေကို နှုတ်ဆက်ရတော့မှာရယ် နဲ့ အချိန်တန်ရင်ခွဲရမယ်ဆိုတာကြီးကိုသိရက်နဲ့ ဘယ်တော့မှလက်မခံချင်တာရယ်တွေပေါ့..အင်း၊ ဒါတွေက ဒီဇာတ်လမ်းတွဲမှမဟုတ် နေရာတိုင်းမှာခံစားနေတာပါပဲ။

image