မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား B to B စနစ်ဖြင့် ပြောင်းတန်ချိန် ၂ သိန်း ရောင်းဝယ်နိုင်ရန် MoU ၄၃ ခု လက်မှတ်ရေးထိုး
ဖေဖော်ဝါရီ ၂၁
မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား B to B စနစ်ဖြင့် ပြောင်းတန်ချိန် ၂ သိန်း ရောင်းဝယ်နိုင်ရန် ပြောင်းအရောင်းအဝယ် နားလည်မှုစာချွန်လွှာ (MoU) ၄၃ ခုကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမှ ထုတ်ပြန်ထားသည်။
အဆိုပါ နားလည်မှုဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ဦးဆောင်ပြီး ပြောင်းအရောင်းအဝယ် နားလည်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းတွင် နားလည်မှုစာချွန်လွှာ (MoU) ၄၃ ခုကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြောင်းအရောင်းအဝယ် နားလည်မှုဆိုင်ရာသဘောတူစာချုပ် ၄၃ ခုတွင် မြန်မာနိုင်ငံဘက်မှ ကုမ္ပဏီ ၂၃ ခုနှင့် ထိုင်းနိုင်ငံဘက်မှ ကုမ္ပဏီ (၉) ခုတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး စုစုပေါင်း ပြောင်းတန်ချိန် ၂ သိန်းတိတိ စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား Business to Business ပြောင်း အရောင်းအဝယ် နားလည်မှုဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြင့် ဈေးကွက်ခိုင်မာမှုရှိခြင်း၊ ဝယ်လိုအားများသည့်ကာလ၌ တစ်ဖက်နိုင်ငံဝယ်ယူသူများဘက်မှ ဈေးကစားမှုများ မဖြစ်ပေါ်လာနိုင်ခြင်း၊ ဈေးကွက် ဈေးနှုန်းမှန်ကန်စွာ ရရှိနိုင်ခြင်း၊ ကုန်သည်လုပ်ငန်းရှင်များအကြား အပြန်အလှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာခြင်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ခြင်းတို့ကို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များအကြား B to B ပြောင်းအရောင်းအဝယ်နားလည်မှု ဆိုင်ရာသဘောတူစာချုပ်(MoU) လက်မှတ်ရေးထိုးပွဲကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ Maekong Hotel ၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာချီလိတ်နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ ဥက္ကဋ္ဌနှင့် ပြောင်းကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး Mr. Warayut Kamboon၊ မယ်ဆိုင်အကောက်ခွန်နှင့် စစ်ဆေးရေးဦးစီးဌာန၊ တာဝန်ခံအရာရှိ၊ မယ်ဆိုင်မြို့နယ် ကုန်သည်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌနှင့် ပြောင်းကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း ၄၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး

