Part-2
*ကိုယ်စားပြုစနစ် မပေါ်ပေါက်မီ

အဲသည်တုန်းက ဗြိတိသျှ ကိုလိုနီ နယ်ပယ်အဖြစ်သာ ရှိသေးသည့် နယူး အင်္ဂလန် ဒေသရှိ မြို့များတွင် တစ်နှစ်တစ်ကြိမ် မြို့လုံးကျွတ် အစည်းအဝေးများ ကျင်းပကြသည်။ ထိုအစည်းအဝေးများသို့ တက်ရောက် လာသော လူထုသည် မြို့ရွာ ရန်ပုံငွေ ကောက်ခံ သုံးစွဲခြင်း (ဘတ်ဂျက်)၊ ဥပဒေများ ပြဋ္ဌာန်းခြင်းပြင်ဆင်ခြင်းနှင့် လာမည့် ၁၂ လတာကာလ မြို့ရွာအတွက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းတိုင်ပင် ဆွေးနွေးခြင်း၊ အတည်ပြု ဆုံးဖြတ်ခြင်းများကို လွှတ်တော်အစည်းအဝေး များမှာ ကဲ့သို့ပင် ပြုလုပ်ကြသည်။
ဤသည်က ယခုအခါ နိုင်ငံတကာ၌ ကျင့်သုံးသည့် ကိုယ်စားပြု ဒီမိုကရေစီ ထွန်းကား ပေါ်ပေါက်သည့် ၁၈ ရာစု မတိုင်မီက ကြိုးကြားကြိုးကြား ရှိခဲ့သည့် တိုက်ရိုက် ဒီမိုကရေစီ အလေ့အကျင့်အချို့ကို ဖော်ပြခြင်း ဖြစ်ပါသည်။
မြို့ရွာများတွင် လူထုက မြို့လုံးကျွတ် စုဝေး၍ ရပ်ရွာအရေးကိစ္စများ ဆုံးဖြတ် ဆောင်ရွက်ခြင်းသည် အလွန် လေးစား နှစ်သက်စရာကောင်း၍၊ အဲဒါသည်ပင် လွှတ်တော် အစစ်အမှန် (true Congress) ဖြစ်သည်ဟူ၍ အမေရိကန် တွေးခေါ်ရှင် သောရိုး (Henry David Thoreau) က ဆိုခဲ့သည်။
ဂျာမန် လူမှုရေးသိပ္ပံပညာရှင် မက္က(စ)ဗေဘာ (Max Weber ၁၈၆၄-၁၉၂ဝ) ကလည်း တိုက်ရိုက်ဒီမိုကရေစီ၏ အနှစ်သာရသဘောနှင့် စပ်လျဉ်း၍ နိုင်ငံသားတိုင်း၌ နိုင်ငံ့အရေးတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အရည်အချင်းကိုယ်စီရှိသည်ဟု ခံယူခြင်း၊ (လူထုက အခိုက်အတန့်ဖြစ်စေလွှဲအပ်သည့်) စီမံအုပ်ချုပ်ခွင့် အာဏာကို အနိမ့်ဆုံး အကျဉ်းဆုံး အဆင့်၌သာ ကန့်သတ်ထားရှိခြင်းတို့သည် ယင်း၏ ထူးခြားချက်များ ဖြစ်ကြောင်း၊ သည်စနစ်တွင် စီမံအုပ်ချုပ်ရေး တာဝန်ကို(က)အချိန်တိုကာလများအတွက် (ခ) အလှည့်ကျ ပေးထားပြီး (ဂ) တစ်ဦးချင်း၏ အလှည့်ကိုမဲနှိုက်ယူရကြောင်း၊ အရေးကြီး သော ဆုံးဖြတ်ချက်များကို အခိုက်အတန့် တာဝန်ယူသူတို့ ဆုံးဖြတ်ခွင့်မရှိဘဲ နိုင်ငံသား အားလုံး၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း၊ စီမံအုပ်ချုပ်ရန် တာဝန်အပ်နှင်းခံရ သူတို့သည် လတ်တလော ဆုံးဖြတ်ချက် များကို လူထုစည်းဝေးပွဲ၏ လမ်းညွှန်ချက်နှင့်အညီ ရေတိုကာလအတွင်း အကောင်အထည် ဖော်ပေးရခြင်းသာ ဖြစ်ကြောင်း၊ သုံးသပ်ပြောဆိုခဲ့သည်။

#ဆက်ရန်ရှိ