ယဉ်ပါးနေတဲ့ အိမ်ခြံစောင့်ခွေးက ကိုက်လို့ သုံးနှစ်အရွယ် သမီးငယ် ခွေးရူးပြန်ရောဂါပြင်းထန်စွာခံစားရပြီး သေဆုံး

ဖေဖော်ဝါရီ ၂၁

အိမ်ခြံဝန်းအတွင်းမွေးထားတဲ့ ခွေးကိုက်ခံရလို့ သုံးနှစ်သမီးငယ် ခွေးရူးပြန်ရောဂါနဲ့‌ သေဆုံးရတဲ့ဖြစ်စဉ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဒိုးတန်းကျေးရွာမှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

လွန်ခဲ့တဲ့ တစ်လဝန်းကျင်လောက်က အဆိုပါ သုံးနှစ်အရွယ်သမီးငယ်မှာ သူ့ကိုကိုက်တဲ့ခွေးနဲ့ အရင်လိုပဲ နီးနီးကပ်ဆော့ကစားနေရာက ခွေးမှ ရုတ်တရက် ဟပ်ကိုက်ခဲ့တာကြောင့် ပါးမှာ ပေါက်ပြဲဒဏ်ရတချို့ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဒဏ်ရာကို ကျေးရွာဒေသန္တရဆေးခန်းက သားဖွားဆရာမထံမှာပဲ တစ်ပတ်တစ်ကြိမ် ခွေးရူးပြန်ရောဂါကာကွယ်ဆေး လေးပတ်ထိုးနှံရမယ်ဆိုတာကြောင့် ထိုးခဲ့ပြီး သုံးပတ်မြောက်အထိ ထိုးနှံထားခဲ့တယ်လို့ သိရပါတယ်။ လေးပတ်မြောက်ဆေးမထိုးခင်ရက်ပိုင်းမှာ ကလေးက အမူအယာပျက်ပြီး ခွေးရူးပြန်ရောဂါလက္ခာတချို့ဖြစ်တဲ့ အလင်းရောင်ကို မနှစ်သက်တာ၊ ရေမသောက်၊ အစာမစားတာမျိုးတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါခွေးကိုက်ခံရတဲ့ ကလေးငယ်မှာ မိဘနှစ်ပါးအနက် ဖခင်ဖြစ်သူမှာ ကလေးလသားအရွယ်ကတည်းက ဆုံးသွားခဲ့ပြီး၊ မိခင်ဖြစ်သူကလည်း ထိုင်းနိုင်ငံမှာ စားဝတ်နေရေးအတွက် ကလေးတစ်နှစ်‌ ကျော်အရွယ်ကတည်းက သွားရောက်လုပ်ကိုင်နေခဲ့တာမို့ ကလေးက ရွာမှာ အဘွားဖြစ်သူနဲ့အတူ ကျန်နေခဲ့တာလို့ သိရပါတယ်။

ကလေးငယ် အခုလိုခွေးကိုက်ခံရပြီး ရောဂါလက္ခဏာပြလာခဲ့တဲ့အတွက် အဘွားက ငွေ သောင်းဂဏာန်းဝန်းကျင်နဲ့ ဖြူးဆေးရုံဆီ တက်ရောက်ပြခဲ့တဲ့အခါ ဖြူးဆေးရုံက ခွေးရူးပြန်ရောဂါလက္ခဏာပြင်းထန်အဆင့်ဖြစ်နေပြီမို့ ရန်ကုန် သို့မဟုတ် နေပြည်တော်ဆေးရုံဆီ သွားရောက်ပြသဖို့ ညွှန်ကြားတဲ့အခါ အဘွားဖြစ်သူငွေကြေးမတတ်နိုင်လို့ ဆွေမျိုးတွေဆီ အကူအညီတောင်းပေမယ့် ဆွေမျိုးတွေက ငွေကုန်ကြေးကျများမှာရော အသက်ရှင်မှာမသေချာတော့တာကြောင့်ပါ ရွာကိုပြန်ခေါ်ခဲ့ဖို့ တိုက်တွန်းပေမယ့် အဘွားက သူ့နားကပ်ပေါင်ပြီး ကုသဖို့ကြိုးစားတာကြောင့် ဖြူးဆေးရုံတာဝန်ကျဆရာဝန်တချို့က လူမှုကူညီရေးအသင်းတချို့နဲ့ဆက်သွယ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖြူး အခြေစိုက် ဆင်ဖြူတော်လူမှုကူညီရေးအသင်း၊ နေပြည်တော်အခြေစိုက် လူမှုကရုဏာရှင် လူမှုကူညီရေးအသင်းတို့နဲ့ အလှူရှင်တချို့က ဝိုင်းဝန်းကာ ပူးပေါင်းချိတ်ဆက်ကူညီမှုကြောင့် နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံဆီ ဖေဖော်ဝါရီ (၁၈)ရက်နေ့မှာတက်ရောက်ကုသခဲ့ပြီး ၁၉ ရက်နေ့ ညသန်းခေါင် ၂၀ ရက်နေ့အကူးမှာတော့ ကလေးငယ်မှာ ခွေးရူးပြန်ရောဂါနဲ့ပဲ ဆုံးပါးခဲ့တယ်လို့ သိရပါတယ်။

အခုကာလဟာ ရာသီဥတု ပြောင်းလဲချိန်ဖြစ်တာ‌‌ ကြောင့် ပူနွေးစွတ်စိုတဲ့ရာသီမှာ ပိုမိုဖြစ်လေ့ရှိတဲ့ ခွေး‌ တွေမှာ ရောဂါဖြစ်ပွားနိုင်ခြေ ပိုများနိုင်လို့ ယူဆကြပြီး အများအားဖြင့်တော့ ခွေးရူးတတ်တဲ့ ရာသီလို့ သတ်မှတ်ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာအနှံ့မှာ ခွေးရူးပြန်ရောဂါကြောင့် ၁၅ မိနစ်ကို လူတစ်ဦးနှုန်းသေဆုံးလျက်ရှိပြီး တစ်နှစ်ကို လူ ၅၅၀၀၀ အသက်ဆုံးရှုံးလျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို အသက်ဆုံးရှုံးမှုတွေအနက် ၃၁၀၀၀ မှာ အာရှဒေသကဖြစ်ပြီး အာဖရိကမှ လူ ၂၄၀၀၀ ခွေးရူးရောဂါဖြစ်ပွားကာ အသက်ဆုံးရှုံးလျက်ရှိတယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ ခွေးရူးပြန်ရောဂါအဖြစ်များတဲ့ ဒေသတွေက ရန်ကုန်တိုင်း‌ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ပြီး လူနေထူထပ်ခြင်း၊ လူနဲ့ အနီးကပ်နေထိုင်တဲ့ ခွေးကောင်ရေများပြားခြင်းတို့နဲ့ ဆက်နွှယ်‌နေတာ‌ ကြောင့်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်‌တွေ ကိုးကားချက်အရ သိရပါတယ်။ ခွေးရူးပြန်ရောဂါဟာ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုလို ဖြစ်ပေါ်နေပြီး ခွေးတွေမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့အတွက် အမျိုးသားစီမံကိန်း(၂၀၁၈- ၂၀၃၀) ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image