Pirates Of The Caribbean ရုပ်ရှင်သစ်နဲ့ပတ်သက်လို့ ကျွန်တော်တို့နောက်ဆုံးရရှိခဲ့တဲ့သတင်းဟာ ၂၀၂၄ ဒီဇင်ဘာတုန်းကပါ..အဲ့ဒီတုန်းကဆိုရင် ထုတ်လုပ်သူ Jerry Bruckheimer အနေနဲ့ Pirates Of The Caribbean ရုပ်ရှင်သစ်မှာ ဇာတ်ညွှန်း ၂ ခုရှိနေကြောင်း အတည်ပြုခဲ့ပါတယ်..ပထမတစ်ခုက Johnny Depp ကို ပြန်ခေါ်နိုင်မဲ့ဇာတ်ညွှန်းဖြစ်ပြီး နောက်တစ်ခုကတော့ ဦးတည်ချက်နောက်တစ်မျိုးနဲ့ရှေ့ဆက်ရနိုင်မဲ့ ဇာတ်ညွှန်းမျိုးပဲဖြစ်ပါတယ်။
Pirates Of The Caribbean ရုပ်ရှင်တွေမှာ မင်းသားကြီး Johnny Depp အနေနဲ့ Captain Jack Sparrow ဇာတ်ကောင်အဖြစ် အမြဲတစေပုံသေပါဝင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်သမိုင်းရဲ့ Iconic အဖြစ်ဆုံးဇာတ်ကောင်တွေထဲကတစ်ဦးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်..သို့သော် Johnny Depp နဲ့ ဇနီးဟောင်းဖြစ်သူ Amber Heard တို့ရဲ့ လင်မယားချင်းခွါပြဲမှုမှာ Johnny Depp ရဲ့အပြုအမူတွေကြောင့် ဆက်လက်လက်တွဲဖို့မဖြစ်နိုင်တော့ဘူးဟု အလျင်စလိုကောက်ချက်ချကာ ရုပ်ရှင်စတူဒီယိုကြီးများက ထုတ်ပယ်ခဲ့ကြပါတယ်..ဒါကြောင့်ပဲ Disney ရဲ့ Pirates Of The Caribbean အပြင် Warner Bros. ရဲ့ Fantastic Beasts တို့မှာ ဆက်လက်ပါဝင်ခွင့်မရခဲ့ပါဘူး။
အချိန်ကာလသိပ်မကြာလိုက်ပဲ Johnny Depp ဘက်ကလည်း အသရေဖျက်မှုနဲ့တရားပြန်ရင်ဆိုင်ခဲ့သလို သက်သေများနဲ့အတူပြန်လည်အနိုင်ရရှိခဲ့တာကြောင့် စတူဒီယိုကြီးတွေရဲ့ဆုံးဖြတ်ချက်ဟာ ကိုယ့်ရှုးကိုယ်ပတ်မိသလိုဖြစ်ခဲ့ရပါတော့တယ်..အထူးသဖြင့် Disney ရဲ့ Pirates Of The Caribbean ရုပ်ရှင်သစ်အနေနဲ့ အစီအစဉ်ရှိနေခဲ့တာကြာမြင့်နေခဲ့ပေမဲ့ ရှေ့ဆက်တိုးဖို့ စုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်ခဲ့ရပါတယ်..အထူးသဖြင့် Johnny Depp အနေနဲ့ သူ့အပေါ် အလျင်စလိုတုံ့ပြန်ခဲ့တဲ့သူတွေနဲ့ ငွေကြေးတွေအများကြီးပုံပေးရင်တောင် ပြန်လက်မတွဲဘူးလို့ပြောခဲ့တာကြောင့်ပါပဲ။
အခုနောက်ဆုံးကြားသိထားရတဲ့ The Disinsider ရဲ့ အတွင်းသတင်းအရ Disney ဟာ Johnny Depp အား အတော်လေးကိုအောက်ကျို့တောင်းပန်ခဲ့ပုံပါပဲ..လာမည့် Pirates Of The Caribbean ရုပ်ရှင်မှာ Johnny Depp ကိုမရမကပြန်ခေါ်ကာ Johnny ပြန်လာခွင့်ရှိတဲ့ ဇာတ်ညွှန်းကိုသာ ဆက်လက်ပုံသွင်းသွားဖို့ရှိနေတာပဲဖြစ်ပါတယ်..ဒါတင်မက ထုတ်လုပ်ရေးလည်း မကြာခင်စတင်နိုင်တယ်လို့သိရပါတယ်။
ဟိုးအရင်တုန်းက ကောလဟာလတွေအရတော့ Pirates Of The Caribbean ရုပ်ရှင်သစ်မှာ အမျိုးသမီးဦးဆောင်တဲ့ဇာတ်လမ်းနဲ့ Reboot ဇာတ်လမ်းဆိုပြီးသိခဲ့ရတာမျိုးတော့ရှိပါတယ်..ဒါပေမဲ့ Johnny ပြန်လာနိုင်တာ ဘယ်ဇာတ်ညွှန်းလဲတော့ အသေးစိပ်မသိရသေးပါဘူး..လောလောဆယ်မှာ ကောလဟာလအဆင့်လောက်သာရှိသေးတာမို့ တရားဝင်ကြေညာချက်တွေကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
ပရိတ်သတ်ကြီးရော Johnny ပြန်လာသင့်တယ်လို့ထင်ပါသလား..ကျွန်တော့်အတွက်ကတော့ သူမပါပဲရှေ့ဆက်ပြီး အရသာမရှိတဲ့ပင်လယ်ဓားပြတွေကိုကြည့်နေရတာထက်စာရင် Johnny နဲ့ Pirates Of The Caribbean ကိုတွဲမြင်ရတာ ပိုကျေနပ်မိမှာပါ..မပါရင်တော့ ဆက်မထုတ်တာအကောင်းဆုံးပါပဲ။
