ဈေးတက်နိုင်သည့် နည်းလမ်းများဖြင့် ရောင်းဝယ်ခြင်းမပြုကြရန် ရွှေလုပ်ငန်းရှင်များအသင်းချုပ် အသိပေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ဈေးနှုန်းတက်နိုင်တဲ့ အလားသဏ္ဍာန်ဆောင်သော နည်းလမ်းတွေနဲ့ ရောင်းဝယ်ခြင်းမပြုလုပ်ကြဖို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် (FMGEA) က အသိပေး ထုတ်ပြန်ထားပါတယ်။
ရွှေရောင်းဝယ်ရာမှာ မရိုးဖြောင့်တဲ့ သဘောနဲ့ အခြေပစ္စည်းတွေ၊ ကံစမ်းမဲတွေပေးပြီး ဝယ်/ရောင်းလုပ်ငန်းတွေ မလုပ်ကြဖို့လည်း ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် မလိုလားအပ်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ်စေဖို့ တိုင်းနဲ့ ပြည်နယ်တွေက ရွှေလုပ်ငန်းရှင်တွေအပါအဝင် တစ်နိုင်ငံလုံးက ရွှေလုပ်ငန်းရှင်တွေအနေနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာကို တိကျစွာ လိုက်နာကျင့်သုံးဆောင်ရွက်ကြဖို့ အသင်းချုပ်က အသိပေးထားပါတယ်။
ဝန်ကြီးဌာနရဲ့ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အတွင်း ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေနဲ့ ပြုလုပ်တဲ့ အနုပညာပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်း မပြုရလို့ ဖော်ပြထားပါတယ်။
လက်ရောက်ရွှေလွှဲပြောင်းခြင်းနဲ့ ခွင့်ပြုထားတဲ့ ဝယ်/ရောင်းနည်းလမ်းတွေကလွဲရင် ရွှေကို သဏ္ဍာန်ဆောင် ရောင်းချခြင်း၊ ကြိုရောင်းကြိုဝယ် (လေပတ်ကား) ရောင်းချခြင်းနဲ့ တရားမဝင် ရောင်းဝယ်မှုတွေကိုလည်း တားမြစ်ထားပါတယ်။
လက်ရှိမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသူတွေကို အရေးယူတော့မယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
