ကန်ဒေါ်လာ (၅၀ဝ)မကျော်သည့် သစ်အချောထည်များ စာရွက်စာတမ်း မလိုအပ်ဘဲ Export ပို့နိုင်ရန် ညှိနှိုင်းနေ

ဖေဖော်ဝါရီ ၁၉

ပြည်တွင်းထုတ် သစ်အချောထည် ပရိဘောဂပစ္စည်းများနှင့် ကြမ်းခင်းများကို ပြည်ပတင်ပို့ရာ၌ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀ဝ) ဈေးနှုန်းထက်မကျော်ပါက စာရွက်စာတမ်း မလိုအပ်ဘဲ ပြည်ပသို့ တင်ပို့ခွင့်ရရန် မြန်မာနိုင်ငံသစ် အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းနှင့် သစ်တော ဦးစီးဌာနများအကြား ညှိနှိုင်းလျက်ရှိကြောင်းသိရသည်။

“ကန်ဒေါ်လာ (၅၀ဝ) တန်ဖိုးအောက် ပြည်ပကိုသွားတယ်ဆိုတာက ပရိဘောဂပစ္စည်းတွေဖြစ် တဲ့ စားပွဲ၊ ကုလားထိုင်စတဲ့ ပစ္စည်းများလည်းပါဝင်ပါတယ်။ ဒါတွေကို သက်ဆိုင်ရာဌာနတွေရဲ့ စာရွက် စာတမ်းမလိုဘဲ ပို့ခွင့်ပြုနိုင်ဖို့အတွက် သစ်တောဦးစီးဌာနကို ကျွန်တော်တို့က တင်ပြထားတာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံသစ် အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် အိန္ဒိယ၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့သို့ သစ်အချောထည် ပရိဘော ဂပစ္စည်းများနှင့် အချောထည်သစ်ကြမ်းခင်းများကို တင်ပို့နေပြီး လက်ရှိအချိန်တွင် Furniture များကို အိန္ဒိယသို့ တင်ပို့နေသည့်အပြင် Myanmar Floo- ring ဟုခေါ်သော ကြမ်းခင်းများကိုလည်း စင်ကာပူနှင့် ဂျပန်သို့တင်ပို့ခြင်းများရှိကြောင်းသိရသည်။

“အဓိကတော့ ကျွန်းကို နံပါတ် (၁) အနေနဲ့ အချောထည်ပြုလုပ်ပြီးပို့ပါတယ်။ ကျန်တဲ့တခြား သစ် တွေဖြစ်တဲ့ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်းစတာတွေကို ကိုရီးယားပါကေးလို ခွဲခြမ်းပြီး ပါးကေး အစားထိုးပြုလုပ်တင်ပို့နေတာဖြစ်ပါတယ်”ဟု ဦးအောင်ကျော်မိုးကပြောသည်။ ထို့ပြင် ပြည်တွင်းပရိဘောဂလုပ်ငန်းများ အတွက်လိုအပ်သည့်ကျွန်းသစ်အပါအဝင် ကျန်သစ် အမျိုးအစားများကိုလည်း မြန်မာ့သစ်လုပ်ငန်းက လေလံတင်ရောင်းချပေးလျက်ရှိပြီး မြန်မာ နိုင်ငံသစ် အခြေခံပရိဘောဂလုပ်ငန်းရှင်များ အသင်းမှ ပရိဘောဂ ကုန်ချောထည်များ ပြန်အပ်ရသည့်စနစ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့သစ်လုပ်ငန်းသည် အသင်းမှပြန်အပ်သည့်ပရိဘောဂများကို မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်သက်သည့် ကုန်အမှတ်တံဆိပ်ကပ်နှိပ်၍ အစိုးရဌာနအချင်းချင်းဖြစ်စေ၊ ဟိုတယ်များသို့ ဖြစ်စေ၊ ပြည် တွင်းသုံးစွဲသူများသို့ဖြစ်စေ ပြန်လည်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံသည် (၂၀၂၃) ခုနှစ် ဇန်နဝါရီ (၁) ရက်မှစတင်ကာ သစ်ကုန်ကြမ်းနှင့် အခြေခံ အဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပတင်ပို့ခွင့် ရပ်ဆိုင်းခဲ့ပြီး တစ်ဝက်တစ်ပျက်ကုန်ချော (Semi-finished) နှင့် ကုန်ချော (Finished) များကို ပြည်ပတင်ပို့ခွင့်ကိုသာ ကျင့်သုံးထားခြင်းကြောင့် သစ်ဖြင့် ကုန်ချောထုတ်လုပ်သည့် ပရိဘောဂပစ္စည်း (Furniture) များနှင့် ပါကေးကြမ်းခင်းများကိုသာ တင်ပို့နေရခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် မြန်မာ့သစ်လုပ်ငန်း ပြည်ပအရောင်းဌာနမှဝယ်ယူထားသော သစ်လုံးမှ ထွက်ရှိလာသည့် (၂၄) စတုရန်းလက်မ (ဒု ၄ လက်မ ဗြက် ၆ လက်မ) ထက်မကျော်လွန်သော တစ်ဝက် တစ်ပျက် ကုန်ကြမ်းသစ်ခွဲသားများကို တင်ပို့ခွင့်ရရှိထားပြီး (၃၂) စတုရန်းလက်မ (ဒု ၄ လက်မ ဗြက် ၈ လက်မ)ရှိ သစ်ခွဲသားများကိုမူ တင်ပို့ခွင့်ရပ်ဆိုင်းထား‌ကြောင်း မြန်မာနိုင်ငံသစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းမှ သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image