#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းရောက် ပြည်ပနိုင်ငံသားများကို ထိုင်းရဲတပ်ဖွဲ့ စောင့်ကြည့်မည်
ထိုင်းနိုင်ငံတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသည့် ပြည်ပနိုင်ငံသားများကို သေသေချာချာ စောင့်ကြည့်ကြပ်မတ်ရန် ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Kitrat Panphet က ဖေဖော်ဝါရီ ၁၇ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်း ဗန်ကောက်ပို့စ် သတင်းဌာန၏ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရေးသားဖော်ပြထားချက်အရ သိရသည်။
ထိုင်းနိုင်ငံတွင် အများပြည်သူဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ အများပြည်သူအား အနှောင့်အယှက်ဖြစ်စေခြင်း၊ ထိုင်းနိုင်ငံ၏ ပုံရိပ်နှင့်လုံခြုံရေးကိုပျက်ပြားအောင်နှင့် ပြည်ပနိုင်ငံသားများသည် ထိုင်းနိုင်ငံ ဥပဒေကို ချိုးဖောက်သည့် အပြုအမူများ ပြုလုပ်နေမှုများကြုံတွေ့နေရခြင်းကြောင့် ယင်းကဲ့သို့ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပြည်ပနိုင်ငံသားများကို သေသေချာချာစောင့်ကြည့်ကြပ်မတ်ရန်ဆိုသည့် ညွှန်ကြားချက်ကို ထိုင်းနိုင်ငံတစ်ဝန်းရှိ ခရိုင်အသီးသီးမှ ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့၊ ခရီးသွား ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များထံသို့လည်း ညွှန်ကြားထားကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။
အဆိုပါ ညွှန်ကြားချက်အရ ရဲတပ်ဖွဲ့ဝင်များသည် အများပြည်သူ လုံခြုံရေးနှင့် စည်းမျဉ်းစည်းကမ်းများကို ဦးစားပေးဆောင်ရွက်ကြရန်ဆိုသည့်အချက်ပါဝင်ပြီး တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထုတ်ပြန်ထားသည့် ဥပဒေအတိုင်းအရေးယူဆောင်ရွက်ကြရန် ညွှန်ကြားထားသည်ဟုဆိုသည်။
