အင်းလေးဒေသမှာ တိုက်ပွဲပြင်းထန်နေလို့ ဒေသခံ ၃၀၀၀ ကျော် တိမ်းရှောင်
ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ နစက၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဖေဖော်ဝါရီလ၊ ဒုတိယပါတ်ကနေ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ညောင်ရွှေ - ပင်လောင်း - ဖယ်ခုံမြို့နယ်နယ်စပ်၊ အင်းလေးဒေသမှာ နစက၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပါတ်မှာ စစ်ရေးတင်းမာမှုဖြစ်ပွားရာကနေ လက်ရှိမှာတော့ တိုက်ပွဲပြင်းထန်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲကတော့ တော်တော်လေးကြမ်းနေတာ။ နှစ်ဖက်စလုံးကတော့ ကျဆုံးတာ၊ ထိခိုက်တာ အသိမပေးတော့ မသိရဘူး။ ရွာကလူတွေကတော့ ရွာနဲ့နီးတဲ့ ကျောက်တောင်တွေ၊ တောတွေထဲမှာ ရှောင်နေရတယ်။ တခြားဖက်ကို ရှောင်ဖို့ကြတော့ လမ်းမှာ စစ်ဆေးရေးတွေက အရမ်းတင်းကြပ်ထားတော့ ဘယ်လိုမှ သွားလို့မရဘူး”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ဒေသခံ ၃၀၀၀ကျော်ဟာ နီးစပ်ရာ တောတောင်တွေ၊ ဆွေမျိုးတွေနဲ့ ဘုန်းကြီးကျောင်းတို့မှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အတွက် နေရာထိုင်ခင်းအပြင် စားသောက်ဖို့အတွက် အခက်အခဲများစွာ ကြုံတွေ့နေရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
“ဘေးလွတ်ရာကို ပြေးကြပြီး အဆင်ပြေတဲ့နေရာရှာပြီး နေနေကြတာပဲ၊ တချို့လည်း တောထဲမှာပဲနေတယ်။ ဒီသက်ကြီးရွယ်အို တချို့ဆို လေဖြတ်ရောဂါ ဝေဒနာကို ပိုခံစားနေရတယ်။ အကူအညီတွေကတော့ အများကြီး လိုနေတာ။ လမ်းပန်းဆက်သွယ်ရေးဖွင့်ပေးစေချင်တယ်။ ဒါမှလည်း ဒီဖက်ကို ထွက်ချင်တဲ့ သူတွေကော၊ သွားကူညီချင်တဲ့ သူတွေအတွက်ကော အဆင်ပြေမှာ”လို့ စစ်ဘေးရှောင်အရေးကူညီနေသူ တယောက်က ပြောပါတယ်။
Photo:CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
