10 w - Translate

နည်းပညာသူဌေးတွေ အစွမ်းပြကြတော့လို့ တရုတ်သမ္မတပြော

ဒီတစ်ပတ်ထဲ တရုတ်နည်းပညာလောကထဲ ထူးခြားတဲ့သတင်းစကားတစ်ခု ရောက်လာပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံရဲ့ထိပ်သီးနည်းပညာခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောသွားလို့ပါ။ တရုတ်သမ္မတက အခုလို လူကိုယ်တိုင်တွေ့တာ ရှားပါတယ်။ အခုက နိုင်ငံရဲ့အရေးပါဆုံးနည်းပညာသူဌေးတွေ အကုန်လုံးနီးပါးနဲ့ တွေ့သွားတာပါ။

အမေရိကန်ဘက်က သွင်းကုန်အခွန်တိုးကောက်မယ့်ကိစ္စနဲ့ တရုတ်နည်းပညာကုမ္ပဏီတွေပေါ် ဖိအားပေးလာတဲ့ကိစ္စအရှိန်မြင့်လာချိန်မှာ သမ္မတရှီနဲ့ နည်းပညာသူဌေးတွေ တွေ့လာတာပါ။ တနင်္လာနေ့က တံခါးပိတ်ကွန်ဖရင့်တွေ့ဆုံပွဲမှာ သမ္မတရှီက နည်းပညာခေါင်းဆောင်တွေကို နိုင်ငံရဲ့စီးပွားရေးအတွက် ခေတ်သစ်မှာ အစွမ်းပြကြဖို့ တိုက်တွန်းသွားပါတယ်။

"ခေတ်သစ် ခရီးသစ်ဟာ ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးရေးအတွက် ကျယ်ပြန့်တဲ့ မျှော်မှန်းချက်တွေ ၊ ကြီးကျယ်တဲ့အလားအလာတွေ ရှိတယ်။ ဒီအချိန်က ပုဂ္ဂလိကလုပ်ငန်းစုတွေ နဲ့ စွန့်ဦးတီထွင်သူတွေ သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စကို ပြသရမယ့်အချိန်ပဲ" လို့ ပြောသွားတာပါ။

တရုတ်သမ္မတက စီးပွားရေးလုပ်ငန်းနဲ့ အစိုးရအကြား သန့်ရှင်းတဲ့ဆက်ဆံရေးတစ်ခု ရှိဖို့ပါ ညွှန်ကြားခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးအကျိုးအမြတ်နဲ့ ရပိုင်ခွင့်တွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် ကာကွယ်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

တရုတ်ဟာ သိပ္ပံနဲ့ နည်းပညာ ဆန်းသစ်တီထွင်မှုတွေ မြှင့်တင်ဖို့ ကြိုးပမ်းရမယ်လို့လည်း သမ္မတရှီက ပြောသွားပါတယ်။ ဒီအချက်က ရှေ့လျှောက် အစိုးရနဲ့ နည်းပညာကုမ္ပဏီကြီးတွေအကြား ဆက်ဆံရေးပိုကောင်းလာမယ့်ပုံလို့ ယူဆရပါတယ်။

သမ္မတနဲ့ နည်းပညာခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ လူမြင်ကွင်းက ပျောက်ကွယ်နေတာ ကြာပြီ ဖြစ်တဲ့ Alibaba သူဌေး ဂျက်မားလည်း မြင်တွေ့ခဲ့ရပြီး သမ္မတနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ဓါတ်ပုံတွေ တက်ခဲ့ပါတယ်။ ဒီပွဲမှာ Huawei သူဌေး ရန်ကျန်ဖေ့ ၊ BYD က ဝမ်ချွမ်ဖူး ၊ DeepSeek တည်ထောင်သူ လျန်ဝမ်ဖန်းတို့လည်း တက်ခဲ့တာ တွေ့ရပါတယ်။

ထူးထူးခြားခြား Baidu တည်ထောင်သူ ရော်ဘင်လီတော့ ဒီပွဲတက်ခဲ့တာ မရှိခဲ့ပါဘူး။ လီတစ်ယောက် သမ္မတနဲ့ကွန်ဖရင့်မှာ မမြင်ခဲ့တဲ့နောက် နာရီပိုင်းအတွင်းမှာ Baidu ရှယ်ယာဈေး ၈.၈% ကျဆင်းခဲ့ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၂.၄ ဘီလျံ ဆုံးရှုံးသွားခဲ့ပါတယ်။

image