အာရှနိုင်ငံတစ်ချို့ရဲ့ လူကြိုက်များဆုံး Social Media များ
ဖုန်းနဲ့လူနဲ့ ကင်းကွာလို့မရတဲ့ ဒီနေ့ခေတ်မှာ Social Media Platform တွေဟာ လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါပြီ။ မြန်မာနိုင်ငံမှာ Viber ဟာအရင်တုန်းက လူသုံးများဆုံးဖြစ်ခဲ့ပေမယ့်၊ Social Media Boom ဖြစ်လာတဲ့ 2015 နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ အဓိကအသုံးများဆုံးက Facebook ဖြစ်လာပြီး Messenger ကပါအတူနေရာယူလာပါပြီ။ ဆိုတော့ ဒီနေ့မှာ အာရှနိုင်ငံတစ်ချို့ရဲ့ အသုံးများဆုံး platform တွေအကြောင်းကို တစ်ချက်ကြည့်ရအောင်ပါ။
တရုတ်နိုင်ငံ - WeChat
WeChat ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး social platform ဖြစ်ပြီး သုံးစွဲသူ ဘီလီယံနဲ့ချီရှိပါတယ်။ WeChat မှာ Message ပို့တာထက်ပိုတဲ့ လုပ်ဆောင်ချက်တွေ နောက်ပိုင်းမှာပါဝင်လာပါတယ်။ WeChat Pay နဲ့ ငွေပေးချေတာမျိုး၊ တက္ကစီခေါ်တာမျိုး၊ ဟိုတယ်အခန်း ဘွတ်ကင်လုပ်တာမျိုးအပြင် နေ့စဥ် ဘတ်စ်ကားစီးတာ၊ ရထားစီးတာကအစ သုံးနိုင်လို့ "Super App" လို့တောင် ခေါ်ကြပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အပ်ပလီကေးရှင်း ဖြစ်နေပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ဒေသတွေမှာလည်း WeChat ကမရှိမဖြစ်ပါပဲ။
တောင်ကိုရီးယား - KakaoTalk
KakaoTalk ဟာ တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ နံပါတ်တစ် messaging app + Social Media Platform ဖြစ်ပါတယ်။ လူဦးရေ ၅၀ သန်းကျော်ရှိတဲ့ တောင်ကိုရီးယားမှာ KakaoTalk သုံးစွဲသူ ၄၅ သန်းကျော် ရှိပါတယ်။ ကိုရီးယားတွေရဲ့စတိုင် ချစ်စရာကောင်းတဲ့ ဒီဇိုင်းတွေ၊ စတစ်ကာတွေနဲ့ အထူးကျော်ကြားပြီး၊ တခြား ဝန်ဆောင်မှုတွေဖြစ်တဲ့ ဂိမ်း၊ သီချင်းနားထောင်တာ၊ ငွေလွှဲတာတွေလည်း လုပ်နိုင်ပါတယ်။
ထိုင်းနိုင်ငံ - LINE
LINE က ထိုင်းနိုင်ငံမှာ အသုံးအများဆုံး social app ဖြစ်ပါတယ်။ မူလက ဂျပန်နိုင်ငံရဲ့ App ဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာလည်း မရှိမဖြစ် App တစ်ခုပါ။ သူ့မှာထူးခြားချက်က စာပို့တာ၊ ဖုန်းခေါ်တာအပြင် LINE TV ဆိုပြီး ဗီဒီယိုပလက်ဖောင်းလည်း ပါဝင်ပါတယ်။ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းတွေကလည်း LINE ကို Customer Service channel အဖြစ် အသုံးပြုကြပါတယ်။ နောက်ပိုင်းမှာတော့ LineMan လို့ အစားအစာမှာလို့ရတဲ့ Service တွေ၊ Line Wallet ကိုသုံးပြီး ထိုင်းနိုင်ငံက တစ်ချို့နေရာတွေမှာ ငွေကြေးပေးလို့ရတဲ့ Service တွေလည်း ပါဝင်လာပါပြီ။
ဂျပန်နိုင်ငံ - LINE
ဂျပန်နိုင်ငံမှာလည်း LINE က နံပါတ်တစ် social platform ပါ။ ၂၀၁၁ ခုနှစ်က ဆူနာမီဖြစ်အပြီး ဂျပန်နိုင်ငံမှာရောက်နေတဲ့ တောင်ကိုရီးယား Naver ဝန်ထမ်းတစ်ဦးက အရေးပေါ်ဆက်သွယ်ရေးအတွက် App တစ်ခုတော့ရှိသင့်တယ်ဆိုပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ privacy ကို အလေးထားတဲ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့အတွက် LINE က အရမ်းအောင်မြင်ခဲ့ပါတယ်။ အခုဆိုရင် ဂျပန်နိုင်ငံသား ၈၈% လောက်က LINE သုံးနေကြပါပြီ။
အိန္ဒိယနိုင်ငံ - WhatsApp
WhatsApp ဟာ အိန္ဒိယနိုင်ငံမှာ အကြီးဆုံး social platform ဖြစ်ပြီး သုံးစွဲသူ သန်း ၅၀၀ ကျော်ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာ မိသားစု၊ သူငယ်ချင်းတွေကြား Messaging App အဖြစ်သုံးကြသလို နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေကလည်း WhatsApp Business ကို အသုံးပြုပြီး customer တွေနဲ့ ဆက်သွယ်ကြပါတယ်။ လွယ်ကူရိုးရှင်းပြီး data သုံးစွဲမှု သက်သာလို့ အိန္ဒိယပြည်သူတွေကြား ရေပန်းစားတဲ့ Platform တစ်ခုဖြစ်လာခဲ့တာပါ။
Messaging App တွေနဲ့ Social Media Platform တွေဟာ နိုင်ငံတိုင်းရဲ့ မတူညီတဲ့ ယဉ်ကျေးမှု၊ နည်းပညာအသုံးပြုပုံနဲ့ လိုအပ်ချက်တွေကြောင့် အလုပ်လုပ်ပုံတွေက အကုန်ဆင်တူဖြစ်ပေမယ့် ရေပန်းစားပုံခြင်းကတော့ မတူပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်း လိုအပ်ချက်တွေအရ ခုနောက်ပိုင်း Telegram နဲ့ iMessage တွေက နေရာဝင်ယူလာတာ တွေ့နိုင်ပါတယ်။
