10 w - Translate

“ကိုယ့်ကို မလိုအပ်တဲ့အခါ…” 🦋

ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးနီးစပ်တဲ့သူတွေပဲဖြစ်ပါစေ…ကိုယ့်ကို အမြဲတမ်းလိုအပ်နေလိမ့်မယ်လို့ မျှော်လင့်မထားတာ အကောင်းဆုံးပါပဲ..။ တစ်ချို့သော အချိန်တွေမှာ..ကိုယ့်ကို မလိုအပ်တဲ့အချိန်..ကိုယ့်ရဲ့ဝင်ရောက်စွက်ဖက်လွှမ်းမိုးမှုတွေ..အကြံပြုချက်တွေကို မလိုအပ်တဲ့အချိန်မျိုး ရှိနိုင်ပါတယ်.။

ပြဿနာတစ်ခုကို သူ့ဘာသာတစ်ယောက်တည်း ခေါင်းအေးအေးနဲ့ စဉ်းစားဖြေရှင်းချင်တဲ့အချိန်..သူတစ်ယောက်တည်း အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် နေချင်တဲ့အချိန်မျိုးမှာ…တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းနှိုးဆော်စကားတွေ..ဝေဖန်အကြံပြု စကားတွေက..သူ့အတွက် အကူအညီမဖြစ်ဘဲ..ပိုလို့တောင် အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်…။

သမီးလေးမှာ စာနဲ့ပတ်သက်လို့ဖြစ်စေ..သူငယ်ချင်းတွေကြောင့်ဖြစ်စေ..စိတ်ဖိစီးမှုတွေ ကြုံရတဲ့အခါ..သူမျက်နှာမကောင်းတဲ့အခါ..ကိုယ်ကလည်း မိခင်ပီပီ..စိတ်ပူစိုးရိမ်မိတတ်ပါတယ်..။ သူ့ကို မေးခွန်းတွေ ဇွတ်မေး..အကြံဥာဏ်တွေ ဇွတ်ပေးမိတဲ့အခါ..သမီးလေးက..” Please leave me alone.” လို့ ပြောတတ်ပါတယ်..။ အဲ့ဒီအခါ..ကိုယ့်ကို သူမလိုအပ်သေးဘူးဆိုတာ..ကျွန်မက နားလည်သဘောပေါက်လိုက်ပါတယ်..။

ကိုယ့်ကို..သူတစ်ပါးက မလိုအပ်တဲ့အခါ..ကျေနပ်စွာ နောက်ဆုတ်ရှောင်ဖယ်ပေးခြင်းဟာလည်း..သူ့အပေါ် အလိုက်သိနားလည်ပေးခြင်းတစ်မျိုးပါပဲ..။ သူ့ရဲ့ စိတ်ခံစားမှုတွေကို ကိုယ်က လေးစားအသိအမှတ်ပြုပေးရာ ရောက်သလို..သူ့အတွက် ကိုယ်ပိုင်လွတ်လပ်မှုလေး ပေးလိုက်တာမျိုး ဖြစ်ပါတယ်..။ ဒီနေရာမှာ….သူဘာပဲဖြစ်နေဖြစ်နေ..မရဘူး..ငါပါရမှ..ငါလွှမ်းမိုးရမှ..ငါအကြံပေးရမှ…ဆိုပြီး ဇွတ်အတင်း ဝင်ပါမိရင်..ပြဿနာက မလိုအပ်ဘဲ..ပိုမိုကြီးမားပြင်းထန်လာတတ်ပါတယ်…။

ကိုယ့်ကိုမလိုအပ်တဲ့အခါ..သူ့ကို အချိန်လေးတစ်ခုပေးပြီး..ငြိမ်းချမ်းခွင့်ပြုလိုက်တာဟာ..နှစ်ဖက်စလုံးအတွက်..စိတ်သက်သာရာရစေပါတယ်..။ သူ စိတ်ညစ်နေချိန်မှာ..ကိုယ့်ကြောင့် သူ့ကို ပိုပြီးစိတ်ညစ်အောင်..မလိုအပ်ဘဲ ပေါက်ကွဲအောင် မလုပ်ဘဲ..အေးအေးငြိမ်းငြိမ်းတိတ်တိတ်ဆိတ်ဆိတ်လေး နေပေးလိုက်တာက အလိုက်သိပေးရာလည်း ရောက်ပါတယ်..။ အဲ့ဒီအချိန်မျိုးမှာ ကိုယ်လုပ်ပေးနိုင်တာက..သူ့ကို တိတ်တိတ်ဆိတ်ဆိတ်ကလေး မေတ္တာပို့ပေးနေမိတာပါပဲ..။

သူ အေးချမ်းပါစေ..စိတ်ချမ်းသာပါစေ..အခုရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာကနေ အေးချမ်းစွာ လွတ်မြောက်ပါစေ..ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းလည်း ရှိပါစေ..စသဖြင့်..အေးအေးချမ်းချမ်းလေး..မေတ္တာပို့ပေးနေလိုက်တာက..သူ့အတွက်အများကြီး အထောက်အကူ ပြုရာရောက်ပါတယ်..။ ကိုယ့်မေတ္တာရဲ့ သိမ်မွေ့နက်ရှိုင်းတဲ့ မေတ္တာလှိုင်းတွေဟာ..လေလှိုင်းကနေတဆင့်..သူ့နှလုံးသားဆီ လွှမ်းခြုံအေးမြစေနိုင်ပါတယ်…။

တကယ်ပါပဲ…သိပ်မကြာခင်မှာ…သမီးလေးက ကိုယ့်ဆီ အလိုလိုရောက်လာတာပါပဲ…။ သူဖြစ်နေတဲ့ ပြဿနာအကြောင်းပြောပြပါတယ်..။ သူ့ရဲ့လက်ရှိခံစားမှုကို ပြောပြပါတယ်..။ အဲ့ဒီအချိန်မျိုးမှာ..ကိုယ်က သူ့စကားကို ကြားဖြတ်ဝင်ပြောတာ..အကြံဥာဏ်တွေ ချက်ချင်းပေးတာ..သင်ခန်းစာတွေ သင်ပေးနေတာမျိုးတွေ လုံးဝမလုပ်ဘဲ..သူ့ပြဿနာကို နားလည်အောင်..သူ့ခံစားမှုတွေကို အသိအမှတ်ပြုမိအောင်စိတ်နဲ့ စိတ်ပါလက်ပါ နားထောင်ပေးနေလိုက်ပါတယ်..။

သူလိုအပ်မှ..သူတောင်းမှ..ကိုယ်က မေမေ့တုန်းကလည်း..ဒီလိုအဖြစ်အပျက်မျိုးကြုံဖူးတယ်..ဆိုပြီး ကိုယ့်အတွေ့အကြုံလေးတွေကို မျှဝေပြောပြလိုက်ပါတယ်..။ အဲ့ဒီတုန်းက ဒီလို အခက်အခဲတွေကို ကိုယ်ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့သလဲဆိုတာကိုပါ…ပြောပြလိုက်ပါတယ်…။ မှားခဲ့ဖူးတယ်ဆိုရင်လည်း..အဲ့ဒီအမှားကနေ သင်ယူခဲ့တာကိုပါ ပြောပြပါတယ်..။ သူ့အတွက် အဖြေတစ်ခု..ရှာတွေ့သွားတဲ့အခါ…သမီးလေးလည်း ကျေကျေနပ်နပ် မျက်နှာလေးနဲ့ သူ့အခန်းဆီပြန်သွားပါတယ်…။

တစ်ခါတစ်ရံမှာ…ဆက်ဆံရေးတစ်ချို့မှာလည်း…ကိုယ့်ကိုမလိုအပ်တော့တဲ့ ဆက်ဆံရေးမျိုး တွေ့ဖူးပါတယ်…။ သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာပဲဖြစ်စေ..ကိုယ်နဲ့ နီးနီးကပ်ကပ် ခင်မင်ပေါင်းသင်းနေရာကနေ..ကိုယ့်ထက်ပိုပြီး ခင်မင်ရင်းနှီးတဲ့သူမျိုး တွေ့သွားတဲ့အခါ..ကိုယ့်ကို မလိုအပ်တော့သလို..ခံစားမိတတ်ပါတယ်..။

အဲ့ဒီလိုအချိန်မျိုးမှာ..ကိုယ့်ရဲ့ခံစားမှုတွေနောက်ကို အရမ်းမလိုက်မိဖို့ အရေးကြီးပါတယ်..။ သူများနဲ့ ပိုပြီးခင်မင်ရင်းနှီးပေါင်းသင်းနေတာကို ကိုယ်က မနာလိုတဲ့စိတ်..ခံပြင်းတဲ့စိတ်..မကျေနပ်တဲ့စိတ်တွေ ဖြစ်နေမိပြီဆိုရင်..ဒါဟာ အကုသိုလ်စိတ်ဖြစ်ပါတယ်..။ ကုလမစ္ဆရိယ..လို့ခေါ်ပါတယ်..။ ကိုယ် နာကျင်နေသမျှ..အကုသိုလ်စိတ်ကို မွေးမြူနေမိတော့တာပါပဲ..။

ကိုယ့်ကို သူများက မလိုအပ်တော့တဲ့အခါ…ကိုယ့်ဘက်က ကောင်းမွန်နေပါလျက်နဲ့ သူတစ်ပါးက ကိုယ့်ရဲ့ဖြစ်တည်မှုကို..အလေးအနက်တန်ဖိုးမထားတော့တဲ့အခါ..ထိုဆက်ဆံရေးကို ဇွတ်ကုပ်တွယ်ဆုပ်ကိုင်ထားချင်နေသမျှ ကိုယ်ပဲ စိတ်ပင်ပန်းနာကျင်ရမှာ ဖြစ်ပါတယ်..။ ဆူးဆိုတာ ဆုပ်ကိုင်ထားလေ..နာကျင်ရလေ..သွေးထွက်လေပါပဲ..။ ပိုတင်းတင်းဆုပ်မိလေ...ဆူးက ပိုနက်နက် စူးနစ်လေပါပဲ…။

အဲ့ဒီလိုအခါမျိုးမှာ…နှလုံးသွင်းမှန်ကန်စွာ လက်လွှတ်လိုက်နိုင်ဖို့ အရေးကြီးပါတယ်..။ ရေစက်ပါလာသလောက်..ငါတို့ခင်မင်ပေါင်းသင်းခဲ့ကြတယ်..ခင်မင်ခဲ့တဲ့အချိန်ကာလတစ်ခုမှာ.ကိုယ့်ဘက်က သူ့အပေါ်…ရိုးသားပွင့်လင်းစွာ ဆက်ဆံခဲ့တယ်..သစ္စာရှိခဲ့တယ်..မလှည့်စားခဲ့ဘူး..အနိုင်မကျင့်ခဲ့ဘူး..လေးစားတန်ဖိုးထားခဲ့တယ်..။ တာဝန်ကျေခဲ့တယ်…။ ပြန်တွေးမိတိုင်း နောင်တရစရာ..စိတ်မလုံခြုံစရာ အပြစ်မျိုး..လုပ်မထားခဲ့ဘူး..။

အခု..သူကိုယ့်ကို မလိုအပ်တော့တဲ့အချိန်မှာ…သူလွတ်လပ်စွာ သွားပါစေ..ရေစက်ပါသလောက်ပဲ ခင်မင်ခွင့်ရတာပါ…လို့ နှလုံးသွင်းလိုက်ရင်..သူ့အပေါ် ကိုယ့်ရဲ့ ငြိတွယ်နှောင်ဖွဲ့မှုတွေ..တင်းကျပ်သမျှ ပြေလျော့ရတာပါပဲ..။

ကိုယ့်ကို မလိုအပ်တဲ့သူအနားမှာ ဇွတ်ပေကပ်ကုပ်တွယ်ပြီး နာကျင်စွာ ရှင်သန်နေမယ့်အစား…ကျေနပ်စွာ လွတ်မြောက်ခွင့်ပေးလိုက်တာက ကိုယ်ရောသူပါ လွတ်လပ်ပေါ့ပါးစွား..ရှေ့ခရီးဆက်နိုင်ပါလိမ့်မယ်..။ တစ်ချို့သော အရာတွေက ဆုပ်တွယ်ထားခြင်းထက်..လက်လွှတ်လိုက်ရတာက ကိုယ့်ကိုပိုပြီး လွတ်မြောက်ပေါ့ပါးစေပါတယ်…။

#လွန်းထားထား
#ကိုယ့်ကိုမလိုအပ်တဲ့အခါ

image