လူတွေ ကားတွေနဲ့ တိုးကြိတ်နေတဲ့ နယူးယောက်မြို့ထဲမှာ မတော်တဆ ခလုတ်ဝင်တိုက်မိတဲ့ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်အကြောင်း ၆ မိနစ်ခွဲစာပဲရိုက်ပြထားတာဆိုပေမယ့် Paperman ဆိုတဲ့ အန်နမေးရှင်းရုပ်ရှင်ကားတိုလေးဟာ သိပ်ဆန်းကြယ်လှတယ်။
ဒီရုပ်ရှင်ကို ပထမအကြိမ်ကြည့်တဲ့အချိန်မှာ သာမန်ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းလို့ထင်ကောင်းထင်လိမ့်မယ်။ ဒုတိယအကြိမ်မှာတော့ Paperman ဇာတ်ဝင်ခန်းတွေမှာ မြှုပ်ထားတဲ့ အထီးကျန်ဆန်မှုတွေကို စမြင်လာရတယ်။ ဒီရုပ်ရှင်ဟာ အဖြူအမည်းကိုအသုံးပြုပြီး လူတစ်ယောက်ချင်းစီရဲ့ ဘဝတွင်းက အထီးကျန်ဆန်မှုတွေကို ပြသတယ်။ ကမ္ဘာပေါ်မှာ လူသူအထူထပ်ဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ နယူးယောက်မြို့ကြီးမှာ လူတွေစုပြုံတိုးကြိတ်နေပေမယ့် သူတို့တွေမှာ ရင်းနှီးလွယ်တဲ့မျက်နှာမရှိကြဘူး။ အထီးကျန်မှုတွေကိုယ်စီပိုက်ပြီး နိစ္စဓူဝကိစ္စတွေကို လုပ်ကိုင်နေကြရတယ်။ ယောကျ်ားလေးဇာတ်ကောင်ဟာလည်း ဖောင်ဖြည့်စာရွက်ကြီးတွေ တစ်လှေကြီးနဲ့ ပျင်းရိငေးငိုင်နေတယ်။ ဒီအလုပ်အပေါ် စိတ်ပြင်းပြဟန်လည်းမပေါ်။ သူ့ရှေ့မှာ စက်ရုပ်တွေလို အလုပ်လုပ်နေတဲ့ အခြားလူတွကိုလည်း စိတ်ကုန်နေဟန်ပေါ်တယ်။ ဒီလို အဖြူအမည်းတွေ ပြည့်နှက်နေတဲ့ ဖန်သားပြင်ကို လှုပ်ခါသွားတာကတော့ အနီရောင်နှုတ်ခမ်းပိုင်ရှင် မိန်းကလေးနဲ့ သူ့နှုတ်ခမ်းနီရာထင်သွားတဲ့ ဖောင်ဖြည့်စက္ကူတစ်ရွက်။
ဒီမိန်းကလေးဇာတ်ကောင်ကို ဖန်သားပြင်ပေါ်စမြင်ရချိန်မှာတော့ အများနဲ့မတူပဲ သူ့နှုတ်ခမ်းနီရာလေးက အနီရောင်ကလေးထင်းနေပါရော။ ဒီအနီရောင်ဟာ အရောင်ကင်းမဲ့ပြီး ပျင်းရိခြောက်သွေ့ဖွယ်ကောင်းတဲ့ ဇာတ်ကောင်တွေရဲ့စိတ်တွင်းက လွမ်းဆွတ်မှုနဲ့ ချစ်စိတ်ကို ဖော်ကြူးပြနေတယ်။ သူ့ရဲ့နှုတ်ခမ်းနီအရောင်လေးဟာ ယောကျ်ားလေးဇာတ်ကောင်အတွက် အထီးကျန်ပြီး အရောင်မဲ့တဲ့ စက်ရုပ်ဆန်ဆန်နေ့ရက်တွေကြားမှာ ထွက်ပေါ်လာတဲ့ နေရောင်ခြည်လိုပဲ။ သံပတ်လိုလည်နေရတဲ့ဘဝမှာ ယောကျ်ားလေးဇာတ်ကောင်အဖို့ ဒီမိန်းကလေးဟာ အစီအစဥ်တကျမဟုတ်တဲ့ လှုပ်ခါမှုတစ်ခုဖြစ်လာခဲ့တယ်။ ဒီလှုပ်ခါမှုဆီရောက်အောင်ပို့ပေးတဲ့ အောင်သွယ်တော်ကတော့ ဖောင်ဖြည့်စာရွက်ကနေ အသွင်ပြောင်းသွားတဲ့ စက္ကူလေယာဥ်ပျံကလေးတွေ။ စက္ကူလေယာဥ်လေးတွေက ချီတုံချတုံဖြစ်နေတဲ့ ယောကျ်ားလေးကို နာရီသံပတ်လို လည်ပတ်နေရတဲ့ လုပ်ငန်းခွင်ကနေ ဆွဲထုတ်လာပြီး မိန်းကလေးရှိရာဆီ ခေါ်ဆောင်လာခဲ့တယ်။ မိန်းကလေးကိုလည်း ထိုနည်းလည်းကောင်းပဲ။ အဆုံးမှာတော့ ယောကျ်ားလေးဟာ မိန်းကလေးကို ငေးကြည့်ရင်း၊ မိန်းကလေးက သူ့လက်ထဲမှာ မတော်တဆ အရာထင်သွားတဲ့ နှုတ်ခမ်းနီရာလေးနဲ့ စက္ကူလေယာဥ်ကိုကိုင်ထားရင်း။
Paperman ရုပ်ရှင်ကားတိုလေးဟာ အချစ်ဇာတ်လမ်းတစ်ခုမကပါဘူး။ လူမှန်ရင် အထီးကျန်စိတ်ဆိုတာရှိစမြဲဖြစ်သလို ဒီအထီးကျန်စိတ်ကို ကျော်လွှားနိုင်ဖို့လည်း ကြိုးစားရုန်းကန်ရစမြဲပါ။ Paperman ဟာ ကြည့်ရှုသူပရိသတ်တွေအနေနဲ့ ကိုယ့်ရဲ့အထီးကျန်အရောင်မဲ့ဘဝထဲမှာ နှုတ်ခမ်းနီရာခပ်ရဲရဲကလေးကို ရှာဖွေတွေ့ရှိနိုင်ဖို့ အားပေးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အရောင်မဲ့နေတဲ့ဘဝကို လင်းလက်စေမယ့် နှုတ်ခမ်းနီရာဟာ သက်ရှိလူသားတစ်ယောက်ဖြစ်ချင်ဖြစ်မယ်၊ တိရစ္ဆာန်လေးတစ်ကောင်ဖြစ်ချင်ဖြစ်မယ်၊ ရှုခင်းတစ်ခုဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ဘဝကို လင်းလက်စေမယ့်နှုတ်ခမ်းနီရာကို ရှာတွေ့ပြီလို့ခံစားရတဲ့အခါ ဘာဆက်လုပ်ကြမလဲ။ စက္ကူလေယာဥ်ခေါက်ပြီး ကြိုးစားဆက်သွယ်ကြည့်မလား၊ ဒီတိုင်းလက်ပိုက်ကြည့်နေပြီး အရောင်မဲ့တဲ့ဘဝထဲ ပြန်တိုးဝင်ကြမလား။
