*အက်သင်း(စ)ပြည်က စနစ်
တိုက်ရိုက် ဒီမိုကရေစီကို အစောဆုံး သုံးစွဲခဲ့သူများဟု မှတ်ယူကြသည့် ဂရိပြည် အက်သင်း(စ) (Athens) မြို့၌ နိုင်ငံသားတိုင်း ပါဝင် အုပ်စိုးသည့်စနစ်ကို ဘီစီ ၅ ရာစုခေတ် လောက်က ကျင့်သုံးခဲ့ကြတာ တွေ့ရသည်။ သို့သော် နိုင်ငံသားများဆိုရာ၌ ယခုခေတ် ပေတံများနှင့် တိုင်းတာသော် ကြီးမားသော ချွတ်ယွင်းချက် တစ်ခုတော့ ရှိနေသည်။ အဲဒါက တိုင်းပြည်ကိစ္စ စီမံ ဖန်တီးခွင့်ရသည့် နိုင်ငံသားစာရင်းတွင် အမျိုးသမီးများနှင့် ငွေဝယ်ကျွန်များ မပါရှိခြင်း ဖြစ်သည်။ ထိုခေတ် မြို့ နိုင်ငံ (city-state) များတွင် လူဦးရေလည်း နည်းပါးသေးသည်ဖြစ်ရာ မိန်းမများနှင့်ကျေးကျွန်များကိုချန်လှပ်သော် အက်သင်း(စ) ဒီမိုကရေစီနိုင်ငံ နိုင်ငံသား ယောက်ျားဦးရေ ၃ဝဝဝဝ ခန့်ရှိသည်။ ထိုနိုင်ငံသားဦးရေ အားလုံးနီးပါးသည်မှု နိုင်ငံ စီမံခန့်ခွဲရေးတွင် ပါဝင်ကြသည်။
အက်သင်း(စ)တွင် နိုင်ငံတော် အာဏာကို ကိုင်တွယ် သုံးစွဲသည့် အဖွဲ့အစည်း သုံးရပ် ရှိခဲ့သည်။ ၎င်းတို့မှာ
၁။ လူဦးရေ ထောင်ချီ ပါဝင်သည့် လူထုအစည်းအဝေး (assembly)၊ ၎င်းကို နိုင်ငံသားတိုင်း တက်ရောက်လိုက တက်ရောက်နိုင်သည်။ ယင်း၏ လုပ်ငန်းများက ယနေ့ခေတ် လွှတ်တော်များနှင့် သဘောချင်း ဆင်တူသည်။
၂။ ကောင်စီ (boule)
၎င်း၌ တစ်နှစ်တစ်ကြိမ် မဲနှိုက် ရွေးချယ်သည့် လူ ၅ဝဝ ပါဝင်သည်။ အုပ်ချုပ်ရေး ပိုင်း၏ အလုပ်မျိုးကို လုပ်ဆောင်၍ တာဝန်အသီးသီးကို မဲစနစ်ဖြင့်ပင် အလှည့်ကျ ထမ်းဆောင်ရသည်။
၃။ တရားရုံးများ
၎င်းတို့၌ ပုဂ္ဂလိက အမှုအခင်း၊ အများပြည်သူနှင့် ဆိုင်သော အမှုအခင်း စသည့်အမှု အမျိုးအစားများကို လိုက်၍ ခုံသမာဓိ (jury) လူကြီးအနည်းဆုံး ၂ဝ၁ ယောက်၊ သို့မဟုတ် ၅ဝ၁ ယောက်မှသည် ဦးရေ ထောင်ချီ၍ ပါဝင်သည်။ အဆိုပါ လူကြီးများကိုလည်း မဲနှိုက်၍ ရွေးချယ်သည်။
ဤသည်ကို ကြည့်လျှင် နိုင်ငံသား သုံးသောင်းရှိသော အက်သင်း(စ) မြို့နိုင်ငံ၌ အနည်းဆုံး လူဦးရေ ထောင်ဂဏန်းမျှသည် နိုင်ငံရေးရာကိစ္စများကို နေ့စဉ် ဆောင်ရွက်လျက် ရှိသည်ဟု ဆိုနိုင်ပြီး၊ မဲစနစ်ဖြင့် အလှည့်ကျ တာဝန်ယူကြခြင်းမျိုးဖြစ်ရာ နိုင်ငံသား အချင်းချင်းကြား၌ မျှတမှု အပြည့်အဝ ရှိသည်ဟု ဆိုနိုင်သည်။ ထိုစနစ်အရ နိုင်ငံသားတိုင်းပင် အရေးကြီးသော တာဝန်များ ထမ်းဆောင်ခွင့်ရပြီး၊ ကံကောင်းသောနေ့၌ အုပ်ချုပ်ရေးကောင်စီ (boule) ၏ ဥက္ကဋ္ဌအဖြစ် မဲပေါက်လျှင် ထိုတစ်နေ့တာအဖို့ ယခုခေတ်သမ္မတတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာများ သုံးစွဲ ခံစားခွင့်ရမည် ဖြစ်သည်။
#ဆက်ရန်ရှိ