ရပ်ကွက်အတွင်း ကွန်ကရစ်လမ်းပေါ် မောင်းလာတဲ့ ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ စက်ဘီးစီးလာသူနှစ်ဦးနဲ့ အိမ်တစ်အိမ်ကို ဝင်တိုက်မိတာကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၇
ရပ်ကွက်အတွင်း ကွန်ကရစ်လမ်းထဲ ဖြတ်သန်း မောင်းနှင်တဲ့ အိမ်စီးကားက ရှေ့မှာ ကွေ့ကားရှိနေတာကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုးရာက စက်ဘီးစီးလာသူ သားအမိအပါဝင် လမ်းဘေးရှိ အိမ်ထဲမှာနေထိုင်နေသူ အမျိုးသမီးကြီးတစ်ဦးပါ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၀၈) ရပ်ကွက်၊ ကုန်းဘောင်ပတ်လမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အဖြူရောင် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ် ။
ဖြစ်စဉ်က ဖေဖော်ဝါရီ ၁၆ ရက်နေ့၊ မနက် ၁၁ နာရီ အချိန်ခန့်က အသက် လေးဆယ်ဝန်းကျင် အမျိုးသားတစ်ဦးမောင်းနှင်လာတဲ့ MAZDA VERISA အမျိုးအစား အနက်ရောင်ယာဉ်ဟာ ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၁၀၈) ရပ်ကွက်၊ ကုန်းဘောင်ပတ်လမ်းကို ဖြတ်သန်မောင်းနှင်စဉ် ရှေ့မှာ ကားကိုပြန် ကွေ့နေတဲ့ သာသနာ့နံပါတ်ပြားတပ် ယာဉ်တစ်စီးနဲ့ သားအမိနှစ်ဦး ဖြတ်သန်းစီးနှင်လာတဲ့ စက်ဘီးကို ဝင်တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဆွဲချခဲ့ရာက၊ လမ်းဘေးရှိ ကျူးကျော်နေအိမ်တစ်အိမ်ကို တိုက်မိခဲ့တာလို့ သိရပါတယ်။
အဖြူရောင်ပရဟိတအသင်းမှ တာဝန်ရှိသူက ” သူက ဘုန်းကြီးကားနဲ့ စက်ဘီးကိုတိုက်ပြီး အရှိန်နဲ့ လမ်းဘေးဆွဲချလိုက်တာမှာ လမ်းဘေးအိမ်ထဲ ဝင်သွားတာ။ အိမ်ထဲက အသက် ခြောက်ဆယ်ဝန်းကျင် အမျိုးသမီးကြီး တစ်ဦးလည်း ခါး၊ ဒူးနဲ့ ဦးခေါင်း ဒဏ်ရာရတယ်။ စက်ဘီးနဲ့ သားအမိမှာလည်း သမီးက ဘာမှ မထိခိုက်ပေမယ့် အမေက နောက်စေ့ကွဲ ၊ ဝဲချိုစောင်း ကွဲပါတယ်။ မောင်းလာသူက မူးလာပုံလည်းရပါတယ် ။ သူ့ဆီကအနံ့တွေရတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးနှစ်ဦးကို အဖြူရောင်ပရဟိတ အသင်းယာဉ်နဲ့ မြောက်ဥက္ကလာပဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး အရှိန်နဲ့ ဝင်တိုက်သူ ယာဉ်မောင်းအမျိုးသားကို သက်ဆိုင်ရာ ယာဉ်မှုစစ်က စစ်ဆေးမေးမြန်းကာ ထိန်းသိမ်းသွားတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw

