10 ပတ် - ဘာသာပြန်ပါ။

ငါးသိုင်းချောင်းမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေ

ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့အခြေစိုက် ဂွ - ငါးသိုင်းချောင်းလမ်းပိုင်းရှိ အမြောက်တပ် (၃၄၄) အနီးမှာ နစကတပ်နဲ့ AA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်၊ မနက်ပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး AA က နစကရဲ့ အမြောက်တပ် (၃၄၄) ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“နစကရဲ့ အမြောက်တပ် ၃၄၄ တပ်ရင်းကို AA က အပြင်းအထန် ထိုးစစ်ဆင်နေတာ။ နစကရဲ့ စက်တပ်လေထီးတွေကတော့ ဆက်တိုက်ဆိုသလို ဝဲပျံနေတာ။ လက်နက်ကြီးတွေ သုံးပြီးတော့လည်း ပြင်းပြင်းထန်ထန်ကို ခုခံနေတယ်။ အထိအခိုက်လည်း များနိုင်တယ်။ စာဥစမ်းမှာ နစကရဲ့ ထောက်ပို့ ဂိုဒေါင်တွေလည်းရှိတယ်လို့ သိရတယ်။ AA က မရပ်မနား ထိုးစစ်ဆင်နေတာဆိုတော့ တိုက်ပွဲကတော့ အခုထက်ပိုပြီး ပြင်းထန်လာနိုင်ခြေရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဂွမြို့နဲ့ မိုင် ၅၀ ကျော်ခန့် ကွာဝေးတဲ့ ငါးသိုင်းချောင်းမြို့ဟာ အမှတ် (၃၄၄) အမြောက်တပ်နဲ့ ၁၁ မိုင်ခန့် အကွာမှာ တည်ရှိတာဖြစ်ပြီး လက်ရှိမှာ ငါးသိုင်းချောင်းနဲ့ ၁၃ မိုင်ခန့်အကွာမှာ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ဧရာဝတီတိုင်းအတွင်း ထိုးဖောက် ဝင်ရောက်လာပြီး ဂွ - ငါးသိုင်းချောင်း လမ်းပိုင်းမှ နစကစခန်းတချို့နဲ့ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာရဲစခန်း၊ ဘောမိကျေးရွာရှိ နစကတပ်စခန်းတွေကို ထိန်းချုပ်ပြီးနောက် လက်ရှိမှာ ငါးသိုင်းချောင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်ဘက်မှာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ လက်ရှိမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပြီး လတ်တလော တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော AA ဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒါအပြင် ဧရာဝတီတိုင်းထဲက သားပေါင်းမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာရှိ နစကစခန်းတခုကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ရခိုင်နဲ့အစပ် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ချင်းစုရွာမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံအများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်ဟာ နစကရဲ့ အမြောက်တပ် အမတ - ၃၄၄ တည်ရှိတဲ့ နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အရေးပေါ် ရဟတ်ယာဉ်ကွင်း စတင်တည်ဆောက်ထားတဲ့ မြို့နယ်တခု ဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

#centralnewsnaypyitaw

image