#ကိုယ်တွင်းတိုက်ပွဲ
--------------------
တိုက်ပွဲတွေနေ့တိုင်းဖြစ်နေသည်။
စစ်တလင်းတွင်မဟုတ်၊ မိမိ၏ ကိုယ်တွင်း၌ဖြစ်သည်။
တိုက်ပွဲဟု ဆိုလိုက်လျှင် ဓားလှံလက်နက် သေနတ်တွေနှင့် တိုက်ခိုက်နေသည်ကိုသာ ပြေးမြင်ကြလိမ့်မည်။
လူတိုင်းသတိမထားမိသည့် တိုက်ပွဲမှာ နှလုံးသားနှင့် ဦးနှောက်ကြားက တိုက်ပွဲဖြစ်သည်။
နှလုံးသားက စိတ်ကူးယဉ်အိပ်မက်တွေဖြစ်နေစဉ် … ဦးနှောက်က သံသယဖြစ်နေပြီ။ အတွေးတွေနှင့် ရစ်ပတ်နှောင်ဖွဲ့ထားပြီး လှုပ်ချင်သောလက်နှင့် ခြေထောက်တွေကို တုံ့ဆိုင်းအောင် လုပ်စေသည်။
ထိုအချိန်လေးတွင်
လုပ်မလား … မလုပ်ဘူးလား ဆုံးဖြတ်ရ အခက်ဆုံးတိုက်ပွဲဝင်နေချိန်လည်းဖြစ်သည်။
ဆုံးဖြတ်ချက် ရဲရဲချနိုင်ရန် သတ္တိလိုသည်။
လူတစ်ယောက်ကို ဘာဟု ဆုံးဖြတ်ရန်ဆိုသည်မှာ ထိုသူ၏ ပြောင်မြောက်သော လုပ်ဆောင်ချက်တွေ အပေါ်တွင် မူတည်သည်။
မလုပ်၊ မရှုပ်၊ မပြုတ် ဆိုသူတွေကို ထည့်တွက်နေရန် မလိုပြီ။ ထိုသူတွေသည် သူရဲဘောကြောင်သူတွေသာ ဖြစ်သည်။
ကိုယ့်နှလုံးသားကို အောင်နိုင်ရန် ဦးနှောက်ကအရေးကြီးသည်။
ထို့ကြောင့်လည်း အရာရာတိုင်းကို နှလုံးသားနှင့် ဆုံးဖြတ်ခြင်းထက် ဦးနှောက်နှင့် ဆုံးဖြတ်ခြင်းကသာ အောင်ပွဲကို ရနိုင်သည်။
မိမိကိုယ်ကို အောင်နိုင်ခြင်းသည်သာလျှင် အောင်မြင်မှုအားလုံးထဲတွင် အောင်နိုင်ခြင်းဖြစ်သည်။
အချို့သော ကိစ္စများတွင် ဦးနှောက်ကို အားမဖြည့်ဘဲ နှလုံးသားအပေါ် အားဖြည့်ပေးလိုက်ခြင်းဖြင့် ဘဝတွင် ကျဆုံးရန် ဖြစ်လာလျှင် မိမိကိုယ်မိမိ အရှုံးပေးလိုက်ခြင်းသာဖြစ်သည်။
(Photo Credit: Freepik)
တင်ညွန့်
၆.၂.၂၀၂၅
#credit
