11 ပတ် - ဘာသာပြန်ပါ။

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ၃ ဦးကို ဖမ်းဝရမ်းထုတ်ရန် ခိုင်လုံသည့်သက်သေ မရှိသေးဟု ထိုင်းတရားရေးဝန်ကြီးဌာနက ပြောကြား

ဖေဖော်ဝါရီ ၁၃

BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ၃ ဦးကို ဖမ်းဝရမ်းထုတ်ရန် ခိုင်လုံသည့် သက်သေမရှိသေးဟု ထိုင်းတရားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ယင်းတို့ကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန ( DSI ) က ရှာဖွေထားသည့် အချက်အလက်များမှာ မခိုင်လုံသောကြောင့် ခိုင်လုံသည့် သက်သေအထောက်အထားများကို ထပ်မံရှာဖွေတင်ပြရန် ထိုင်းတရားရေးဝန်ကြီးဌာန၊ ဥပဒေအကြံပေးအရာရှိက ယနေ့တွင် ညွှန်ကြားခဲ့ကြောင်း အဆိုပါ သတင်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ထိုင်းအစိုးရ၏ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူတို့ ၃ ဦးကို ဖမ်းဝရမ်း ထုတ်ရန် စီစဉ်နေခြင်းမှာ လတ်တလောအခြေအနေတွင် ဖြစ်လာနိုင်ဖွယ်မရှိသေးကြောင်း သုံးသပ်ပြောဆိုနေကြကြောင်းလည်း သိရသည်။

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန ( DSI ) က မြန်မာနိုင်ငံ၊ မြဝတီဘက်သို့ အိန္ဒိယနိုင်ငံသား ၈ ဦး လူကုန်ကူးခံခဲ့ရသောကိစ္စအပေါ် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်၊ ဗိုလ်မှူး တင်ဝင်းတို့ ၃ ဦးကို ဖမ်းဝရမ်းထုတ်ရန် စီစဉ်ဆောင်ရွက်နေခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ဝီချယာချိုင်းက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူတို့ ၃ ဦးထိုင်းနိုင်ငံကို ဝင်ရောက်မည်ဆိုလျှင် ဖမ်းဆီးခံရမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးက ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏လက်ထောက်နှစ်ဦးသည် လူကုန်ကူးမှုများ ကျူးလွန်ရန်အတွက် ထိုင်းနိုင်ငံကို ကြားခံလမ်းကြောင်းအဖြစ် အသုံးပြုခဲ့ကြောင်း၊ထိုင်း DSI က မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်သုံးဦးကို ဖမ်းဝရမ်းထုတ်ရန်အတွက် ထိုင်း ရှေ့နေချုပ်ရုံးနှင့် တိုင်ပင်နေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ဗိုလ်မှူးကြီးစောချစ်သူကို ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံပိုင်နက်ကို ချိုးဖောက်မည်မဟုတ်သော်လည်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ၎င်း၏အိမ်သို့ လာရောက်မည်ဆိုလျှင် ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ထပ်မံပြောဆိုထားကြောင်း သိရသည်။

#centralnewsnaypyitaw

image