*လွတ်လပ်ခွင့်နှင့် လုံခြုံရေး ထိခိုက်မှု
ဒီမိုကရေစီနိုင်ငံများတွင် အစိုးရနှင့် စာနယ်ဇင်းအကြား မကြာခဏ အငြင်းအခုံ ပြုရတတ်သော ပြဿနာတစ်ခုရှိ၏။
အဲဒါက၊ နိုင်ငံ လုံခြုံရေးနှင့် စာနယ်ဇင်း ရေးပိုင်ခွင့်။
အစိုးရတို့အနေနှင့် နိုင်ငံတော် လုံခြုံရေး၊ အများပြည်သူ့ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိ၏။ ထို့ကြောင့် လုံခြုံရေး ထိခိုက်နိုင်မည့် အရာမှန်သမျှကို သတိဝီရိယဖြင့် ဆောင်ရွက်ကြ၏။ စောင့်ကြည့် ထိန်းချုပ် ဟန့်တားကြ၏။
တစ်ဖက်တွင်
စာနယ်ဇင်းတို့ အနေနှင့်လည်း “အများပြည်သူ့ သိပိုင်ခွင့် ပြည့်ပြည့်ဝဝ ရရှိရန် အလို့ငှာ အစိုးရသတင်းများကိုလည်း တတ်နိုင်သမျှ အနက်ရှိုင်းဆုံး ရှာဖွေ တူးဆွ ဖော်ပြရန် တာဝန်ရှိ၏။ သည့်အတွက် အားထုတ်ကြိုးပမ်းကြ၏။
သည်အခါ နှစ်ဖက်အကြား အငြင်းပွားရသည်များ ရှိလာသည်။
သတင်းတစ်ရပ်သည် လုံခြုံရေးကို ထိပါးစေနိုင်သည်၊ ထို့ကြောင့် ဖော်ထုတ် ရေးသားခွင့်မပြုနိုင်ဟု အစိုးရပိုင်းက သဘောထားချိန်တွင် စာနယ်ဇင်းသမားက အဆိုပါ သတင်းသည် လုံခြုံရေးအရ ကန့်သတ် လောက်အောင် မကြီးကျယ်၊ အများပြည်သူ့ သိပိုင်ခွင့် နယ်နိမိတ်ထဲမှာပင်ရှိသည်ဟု ယူဆကာ အငြင်းပွား ရခြင်းမျိုး ဖြစ်သည်။
လွတ်လပ်မှုနှင့် လုံခြုံမှုအကြား ပြတ်သားသော စည်းတစ်ခု မူသေ ချထားရန်မလွယ်ကူရာ၊ အကြောင်း အရာတစ်ခုချင်း၊ သတင်းတစ်ရပ်ချင်းအရ ဆွေးနွေး ငြင်းခုံ ညှိနှိုင်းရတတ်သည့် သဘောရှိပေသည်။