လုပ်ငန်းလိုင်စင်မရှိသည့်အပြင် ညစ်ညမ်းစာများကိုပါ ပုံနှိပ်၊ ထုတ်ဝေခဲ့သူ ၄ ဦးအပေါ် လုပ်ငန်းပိတ်သိမ်းပြီး အရေးယူထား

ဖေဖော်ဝါရီ ၁၁

လုပ်ငန်းလိုင်စင်မရှိဘဲ စာပေများ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည့်အပြင် ညစ်ညမ်းစာများကိုပါ ပုံနှိပ်ထုတ်ဝေခဲ့သည့် ဒေါ်ယုယုအေး၊ ဒေါ်ထက်ထက်ဝေ၊ ဒေါ်မျိုးပပလှိုင်နှင့် ဒေါ်ရီရီဆန်းဆိုသူ ၄ ဦးတို့ကို လုပ်ငန်းပိတ်သိမ်းပြီး အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိသည်။
အဆိုပါ ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည် ညစ်ညမ်းစာပေများဖြစ်သော Hnaung ရေးသားထားသည့် "Personal Stylist" စာအုပ်၊ "I Am Your Baby's Father" စာအုပ်၊ Hannah 63 ရေးသားသည့် "ညို” စာအုပ်နှင့် ) North Star ရေးသားသည့် "Ah Moon" စာအုပ်တို့ကို ပုံနှိပ်ထုတ်ဝေ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းကလက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သော ပုံနှိပ်ထုတ်ဝေသူများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကိုရုပ်သိမ်းခြင်း၊ ထုတ်ဝေစာအုပ်များကို တရားမဝင်ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပုံနှိပ်သူနှင့်ထုတ်ဝေသူများအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဥပဒေပါစည်းကမ်းချက်များကိုဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေခြင်းများကို ပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage