*စောင့်ကြည့်ရေးသမားများ

ဒီမိုကရေစီနိုင်ငံများတွင် အစိုးရတို့သည် မိမိတို့ လုပ်ဆောင်ချက်များအတွက် တာဝန်ခံမှု ရှိကြ၏။ အစိုးရသည် အများပြည်သူကိုယ်စား တိုင်းပြည်အတွက် တာဝန်ယူ ဆောင်ရွက်သော သဘောဖြစ်ရာ၊ အစိုးရ၏ မူဝါဒဆိုင်ရာ ရွေးချယ် ဆုံးဖြတ်ချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြည်သူက မေးမြန်းလာလျှင် ရှင်းလင်း ဖြေကြားပေးရန် တာဝန်ရှိ၏။
ကိုယ်စားလှယ်သည် အပ်နှံသူ (ပိုင်ရှင်)က အပ်နှံထားသော ကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းလာလျှင် အပ်နှံသူ ကျေနပ်အောင် အဖြေပေးရသော သဘောမျိုးဖြစ်၏။
ထိုမေးမြန်းသော၊ အဖြေတောင်းသော အလုပ်ကို ပြည်သူတို့ ကိုယ်စား စာနယ်ဇင်းများက လုပ်ကြ၏။
စာနယ်ဇင်းများသည် အများပြည်သူ သိသင့်သိထိုက်သော အကြောင်း အရာ မှန်သမျှကို စုံစမ်းမေးမြန်းကာ အများပြည်သူ သိစေဖို့ရေးသားတင်ပြပေးရ၏။
တစ်နည်းပြောသော် အများပြည်သူ၏ “သိပိုင်ခွင့်”ကို ပြည့်ဝအော ဖြည့်ဆည်း ပေးခြင်း ဖြစ်၏။
အဲသည်လို ဖြည့်ဆည်းနိုင်ရန်အတွက်လည်း စာနယ်ဇင်းသမား၌ သတင်း အချက်အလက် ရယူခွင့်’ ရှိရ၏။
လွှတ်တော်အစည်းအဝေးများ၊ အစိုးရအကြီးအကဲတို့တက်ရောက်သည့် အခမ်းအနားများ အပါအဝင် စည်းဝေးပွဲကြီးများသို့ တက်ရောက် သတင်း ယူခွင့်နှင့် ဥပဒေအရ ကန့်သတ်ထားသည့် အချို့ကိစ္စရပ်များမှအပ အစိုးရနှင့် ဌာနဆိုင်ရာတို့၏ မှတ်တမ်းမှတ်ရာများကို ကြည့်ရှု မှတ်သားခွင့်များ ရရှိခြင်းကို ဆိုလို၏။
စာနယ်ဇင်းသမားသည် အစိုးရတို့ ချမှတ်သော မူဝါဒများကို သုံးသပ် စိစစ်ခြင်း၊ လုပ်ဆောင်ချက်များအား စောင့်ကြည့်၍ လိုအပ်လျှင် ထောက်ပြ ဝေဖန်ခြင်း၊ အများပြည်သူအား အသိပေး နှိုးဆော်ခြင်း စသည်တို့အားဖြင့် အစိုးရနှင့် ပြည်သူ့ဆန္ဒ ညီညွတ်မျှတအောင် ထိန်းကျောင်းပြုပြင်သော အလုပ်ကို ဆောင်ရွက်ကြခြင်းဖြစ်ရာ ‘စောင့်ကြည့်ရေး” တာဝန်ကို စာနယ်ဇင်းသမားတို့ကောင်းစွာ ထမ်းဆောင်နိုင်ရန် အတွက် “စောင့်ကြည့်ခံ တို့က ကန့်သတ်ဟန့်တားမှု မပြုဖို့သည် အရေးကြီးကြောင်း ဒီမိုကရေစီ သမားတို့ သိမှတ်လက်ခံကြသည်။