တရုတ်မယားအဖြစ် တရုတ်နိုင်ငံသို့ပို့ဆောင်ရန် စီစဉ်ခဲ့သည့် တရုတ်လူမျိုး(၂)ဦးနှင့် မြန်မာလူမျိုး (၂) ဦးတို့ကို အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်
ဖေဖော်ဝါရီ ၃
တရုတ်မယားအဖြစ် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်စီစဉ်ခဲ့သည့် တရုတ်လူမျိုး(၂)ဦး နှင့် မြန်မာလူမျိုး (၂)ဦးတို့ကို အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးမြောက် ရပ်ကွက်နေ ရွှေနုစိန်နှင့် မိမိခိုင်တို့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ အသက် (၂၀)၊ (၂၂) နှင့် (၂၉) နှစ်အရွယ် အမျိုးသမီး(၃)ဦးကို တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့်လက်ထပ်ပါက ငွေကျပ်သိန်း (၇၀) ရရှိမည်ဖြစ်ပြီး ကလေးယူပြီးပါက နေရပ်သို့ပြန်ရမည်၊ ကား၊ ခြံနှင့် နေရမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် စစ်တွေနယ်မြေရဲစခန်းတွင် (ပ) ၂၈/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုအား စစ်တွေခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီလ ၂၇ ရက်တွင် တရားခံ ရွှေနုစိန်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ(၃၅)အရ အလုပ်နှင့်ထောင်ဒဏ် (၁၅) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ နောင်ငင်ရွာနေ နန်းဆိုင်ခမ်း (ခ) မားမား၊ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်၊ ဖုရန်းမြို့နေ Gao Fengying (ကောင်းဖိန်းရင်)၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်နှင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်တို့ (၄) ဦးသည် နေပြည်တော်၊ လယ်ဝေးမြို့နယ်နေ အသက်(၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ဆောင်ရွက်ပါက ငွေကျပ်သိန်း (၁၀၀) ရရှိမည်၊ တစ်နှစ်နေပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်။ ကလေးမွေးပေးရမည်ဟု စည်းရုံးပြီး တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့မှုကို လေဆိပ်နယ်မြေရဲစခန်းတွင် (ပ) ၂၃/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/ ၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါအမှုကို တံတားဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင် တရားခံ နန်းဆိုင်ခမ်း (ခ) မားမားနှင့် ကောင်းဖိန်းရင်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် (၂၀) စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။
ထို့အတူ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ နောင်ငင်ရွာနေ နန်းဆိုင်ခမ်း(ခ) မားမား၊ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်နေ ချစ်ထူး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မော်အရှေ့ရပ်ကွက်နေ ကောင်းထက်ကျော် (ခ) ဖိုးစည်တို့ ငါးဦးသည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နေ အသက်(၂၈) နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်နေ အသက် (၂၃) နှစ်အရွယ် အမျိုးသမီး (၂)ဦးကို တရုတ်မယားအဖြစ် ဆောင်ရွက်ပါက ငွေကျပ်သိန်း (၈၀) ရမည်၊ ပတ်စ်ပို့ပြုလုပ်ပေးမည်၊ ခရီးစရိတ်ကုန်ကျခံမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
