26 w - Translate

အာဖရိကတစ်တိုက်စာ အကွာအဝေး မာရသွန်ပြေးခဲ့တဲ့ ကမ္ဘာ့ပထမဆုံး

အင်္ဂလန်နိုင်ငံမှ အသက် ၂၇ နှစ်အရွယ် အမျိုးသား ရက်စ်ကွတ်ခ်ဟာ အာဖရိတစ်တိုက်စာ အကွာအဝေး မာရသွန်ပြေးတဲ့ ကမ္ဘာ့ပထမဆုံး ဖြစ်လာခဲ့ပါတယ်။ သူဟာ နိုင်ငံပေါင်း ၁၆ နိုင်ငံကို ကျော်ဖြတ်ပြီး မာရသွန်ပြိုင်ပွဲ ၃၈၅ ပွဲနဲ့ ညီမျှတဲ့ အကွာအဝေးကို ၃၅၂ ရက်တည်းနဲ့ ပြေးခဲ့တာပါ။

၂၀၂၃ ခုနှစ် ဧပြီလ ၂၂ ရက်မှာ တောင်အာဖရိကနိုင်ငံရဲ့ တောင်ဘက်ဖျားဆီကနေ မာရသွန်ခရီး စတင်ခဲ့တဲ့ ရက်စ်ကွတ်ခ်ဟာ လူစည်ကားလွန်းတဲ့ မြို့တွေကနေ လူသူအရောက်အပေါက်နည်းတဲ့ အမြဲစိမ်းတောတွေ၊ မြင့်မားလွန်းတဲ့ တောင်တန်းတွေ၊ ခက်ထန်ကြမ်းတမ်းလွန်းတဲ့ ဆာဟာရသဲကန္တာ အစရှိတဲ့ အဟန့်အတားတွေကို ခိုင်မာမြဲမြံတဲ့ စိတ်ဓာတ်နဲ့ ကျော်ဖြတ်ခဲ့တာပါ။

အန်ဂိုလာနိုင်ငံမှာ ရက်စ်ကွတ်ခ်နဲ့ သူ့အဖွဲ့ဟာ ဓားပြတိုက်ခံခဲ့ရပြီး ပါသမျှပစ္စည်းတွေ လုယက်ခံခဲ့ရပါတယ်။ ဒါ့အပြင် ကွန်ဂိုနိုင်ငံမှာလည်း ဓားရှည်တွေ ကိုင်ဆောင်ထားတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းခံခဲ့ရပြီး တောနက်ထဲကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ ဒါပေမဲ့ စောင့်ကြည့်အဖွဲ့က ရက်စ်ကွတ်ခ်ကို ပြန်လည်ကယ်တင်နိုင်ခဲ့တာပါ။

''အရိုးသားဆုံး ပြောရင်တော့ ပြန်ပေးဆွဲခံရတဲ့နေ့တွေက ကျွန်တော့်ဘဝမှာ ကြောက်စရာအကောင်းဆုံး နေ့ရက်တွေပါပဲ''လို့ ရက်စ်ကွတ်ခ်က ပြောပါတယ်။ သူဟာ ဆီးထဲ သွေးပါတာ၊ ကျောအောင့်တာ စတဲ့ဝေဒနာတွေ ခံစားခဲ့ရပေမဲ့ သူ့ရည်မှန်းချက်ကို မမှိတ်မသုန် ဆက်လက်အကောင်အထည်ဖော်ဖို့ နေ့စဉ်နေ့တိုင်း ပြေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာတော့ သူက ပန်းတိုင်ကို အရောက်လှမ်းပြီး မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။ သူဟာ ပရဟိတအဖွဲ့အစည်းအတွက်လည်း ရန်ပုံငွေ ပေါင် ၇ သိန်းကျော် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

Ref:Russ Cook Runs 385 Marathons In 352 Days, Becomes First Man To Run Entire Length Of Africa

image