Part-4
သူငယ်ချင်း မောင်သာနိုး
မြန်မာပြည်မှာ စစ်အစိုးရက နောက်တစ်လှမ်းဆုတ်ပြီးနောက် အရပ်သား အစိုးရဖြစ်လာတော့ ကျွန်တော်တို့ ပြည်ပရောက်စာရေးဆရာတွေ ပြည်တော်ပြန်ခွင့် ရလာပါတယ်။ တင်မိုးကတော့ အရိုးပြာအိုးပဲ ပြန်သွားနိုင်ခဲ့ရှာပါတယ်။ ကျွန်တော် ကတော့ ရန်ကုန်၊ မန္တလေးသာမက မွေးဇာတိရွာကိုပါ အရောက်သွားခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ ဆုံပွဲတွေလည်း လုပ်ခဲ့ရပါတယ်။ သူငယ်ချင်းကြီး ကိုသာနှိုး ကတော့ ကိုယ်တစ်ခြမ်း လေဖြန်းလို့တဲ့။ လမ်းမလျှောက်နိုင်ရှာတော့ပါဘူး။ သူနဲ့ တင်မိုးက ကျွန်တော်တို့ထက် အသက်သုံးလေးနှစ်ကြီးပါတယ်။ သူ့ဆီကိုသွားပြီး နှုတ်ဆက်တော့ ထူးခြားချက်နှစ်ချက် ကြုံခဲ့ရပါတယ်။ (၁) အချက်က သူ့ကို သူများက ပခုံးဖက်တာမကြိုက်ဘူး။ သူက မီးပူတိုက်ထားတဲ့ အင်္ကျီကို အမြဲ ဝတ်လေ့ရှိလို့လားမသိဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ဓာတ်ပုံရိုက်တော့ သူငယ်ချင်း နှစ်ယောက် လည်ပင်းဖက်ပြီး တွဲရိုက်ခဲ့ရပါတယ်။ (၂) အချက်ကတော့ ကျွန်တော်က သူဟာ ကိုယ့်ထက်ကြီးသူမို့ ဦးချကန်တော့ခဲ့ပါတယ်။ သူက ခပ်တည်တည် ဆုတွေ ပေးနေလို့ ကျွန်တော့်မှာ ငြိမ်ဝပ်နေခဲ့ရပါတယ်။ ကျွန်တော်ပြန်တော့ သူ့ရဲ့ “ထင်းရှူး ပင်’နဲ့ ‘မိုးမခပင်’ကို လက်ဆောင်ပေးလိုက်ပါတယ်။ ဒီဘာသာပြန်တွေက သူ့ သူငယ်ချင်းတွေအတွက် ပါရမီဖြည့်ဖို့ အဓိကလုပ်နေရာက သူ့တပည့်တွေနဲ့ ကဗျာလူငယ်တွေအတွက်ပါ အကျိုးရှိမှန်းသိလို့ ဆက်လက်လုပ်ပေးနေတာ ဖြစ်ပုံ ရပါတယ်။
နောက်တစ်ခု သူ့ရဲ့ စွမ်းဆောင်ချက်ကတော့ ဘာသာသိပ္ပံ၊ ဘာသာစကား လေ့လာမှုပါပဲ။ ဒီနေရာမှာစပ်မိလို့ပြောရရင် မြန်မာပြည်မှာ စာရေးဆရာတွေ ထောင် ကျတိုင်း တိုင်းပြည်အတွက်၊ စာပေလောကအတွက် အများကြီး အကျိုးရှိခဲ့တယ်လို့ ဆိုချင်ပါတယ်။ ‘ထောင်ကျတာ ကောင်းတယ်”လို ့ ဆိုလိုခြင်းတော့ မဟုတ်ပါ။ စာရေးဆရာတွေဟာ “အခွင့်အရေးယူတတ်ပုံ’နှင့် ‘အချိန်အသုံးချတတ်ပုံ'ကို ချီးကျူး ချင်တာပါ။ ဦးလေး လူထုဦးလှ၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့် စတဲ့ စာရေးဆရာတွေဟာ ထောင်ထဲကနေ စာပေရတနာထုပ်တွေ ပိုက်ပွေ ့လာနိုင် ခဲ့ကြလို့ပါ။ ကိုသာနိုးကတော့ ပထမအဆင့် ရုရှားဘာသာစကားကို လေ့လာပါတယ်။ နောက်တော့ စပ်မိစပ်ရာ ဂျာမန်၊ ပြင်သစ် စသည်တို့ကို စူးစမ်းလေ့လာ ပါတယ်။ တိုင်းရင်းသားဘာသာစကားတွေကိုလည်း စူးစမ်းရင်းက ဘာသာစကား ဆိုင်ရာ ဆောင်းပါးတွေနဲ့ ဘာသာသိပ္ပံဆိုင်ရာ ဆောင်းပါးတွေကို အများကြီး ရေးနိုင်ခဲ့ပါတယ်။ ဘာသာသိပ္ပံ လေ့လာမှုအများကြီး နောက်ကျန်ရစ်ခဲ့တဲ့ကာလမှာ ကိုသာနိုးက ထူးထူးခြားခြားနဲ့ ဘာသာသိပ္ပံဆောင်းပါးတွေရေးရင်း မြန်မာစာပေ လောကကို အထူးအကျိုးပြုနေတယ်လို ့ ယူဆပါတယ်။ မြန်မာ့ဘာသာစကား လေ့လာမှုကို သူငယ်ချင်းက လမ်းဖွင့်ပေးလာနိုင်ခဲ့တာ ဂုဏ်ယူလျက်ပါ။ ခုအခါ ကျန်းမာရေးမကောင်းပေမဲ့ သူ့စာအုပ်တွေ ဆက်လက်ထွက်နေတာ ဝမ်းသာရပါ တယ်။ သူ့ဇနီး သူ့တူမတွေက ကူညီရေးပေးနေပုံ ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူများတကာ လုပ်နိုင်ခဲတဲ့ စာပေလောကတာဝန်တွေကို ထမ်းဆောင်နေတဲ့ ကျွန်တော် တို့ သူငယ်ချင်းအတွက် ကျွန်တော်တို့ ဂုဏ်ယူမဆုံးပါ။ မြန်မာစာပေလောကရဲ့ အဓိကလိုအပ်ချက်တွေ ယုတ်စွအဆုံး သူငယ်ချင်းတွေရဲ့ အဓိကလိုအပ်ချက်တွေကို ပါရမီဖြည့်ပေးနေတယ်လို့ ယုံကြည်ပါတယ်။ သူငယ်ချင်း မောင်သာနိုး ကျန်းကျန်း မာမာနဲ့ အသက်ရာကျော်ရှည်ပါစေ။
သူငယ်ချင်း
မောင်စွမ်းရည်
၂၀၁၈၊ စက်တင်ဘာ ၁