~~~ အမှတ်တရ ~~~ { ၄ }
#ဂျူး
ကျွန်မကလည်း ခေါင်းကိုသာ ညိတ်ပြလိုက်ပြန်သည်။ ထို့နောက် အကြာကြီး တိတ်ဆိတ်သွားပြန်၏။ မောင်က ကျွန်မ မျက်နှာကို ငဲ့စောင်းကြည့်လိုက် ၊ နံရံက စတီရီယိုသီချင်း တိတ်ခွေကြော်ငြာ ပိုစတာများကို စူးစူးစိုက်စိုက် ကြည့်လိုက်ဖြင့် အနေရခက်သလို စားပွဲခုံကို လက်ချောင်းကလေးဖြင့် အသံ မညီမညာ ခေါက်နေ၏။
“ကျောင်းပြန်ဖွင့်လို့ ပြန်တွေ့ရင်ကော ရှက်နေဦးမှာပဲလား”
မောင်က အနည်းငယ်ပြုံး၍ မေးပြန်၏။ ကျွန်မ ခေါင်းညိတ်ပြလိုက်သောအခါ မောင်ကကျွန်မကို မျက်မှောင်ကြုတ်ပြသည်။
“အေး … အေး .. ခေါင်းပဲညိတ်နေ ၊ သိလား”
မောင် အနည်းငယ် ရဲတင်းလာဟန် တူ၏။ ကျွန်မဘက်သို့ ကိုယ်ကို ကိုင်း၍ မျက်နှာကို အသေအချာ ငုံ့ကြည့်ကာ …
“တကယ်ဆို တစ်ရက် ၊ နှစ်ရက်များနေပါဦးလား ၊ ဘာဖြစ်လို့ ဒီလောက် အစောကြီး ပြန်ချင်ရတာလဲ ၊ လွမ်းရမဲ့သူ ရှိနေလို့လား”
“အို ….”
ကျွန်မ မောင့်ကို အလန့်တကြား မော့ကြည့်မိ၏။
“ဟင့်အင်း …..”
“ဘာဟင့်အင်း …လဲ”
“မရှိဘူး…..လို့ ”
“ဘာမရှိတာလဲ”
“လွမ်းရမယ့်သူ ဆိုတာ”
“မယုံရပါဘူးလေ”
“အဲလို မပြောပါနဲ့”
မောင်က သက်ပြင်းတစ်ချက် ရှိုက်ပြီး ကျွန်မလက်မှ နာရီကို လှမ်းကြည့်သည်။
ထိုနေ့က ဘာရယ်မှန်းမသိဘဲ ကျွန်မ ကားပေါ်တက်ပြီး ကားဘေးမှ မတ်တပ်ရပ်နေသော မောင့်ကို ကြည့်ရင်း အလွန်အမင်း ငိုချင်လာသည်။ စိတ်လွတ်လက်လွတ် ပျော်သင့်သောအချိန်၌ မောင့်မျက်နှာညိုးနေရသည်မှာ အချိန်အခါ မရွေးတတ်သော ကျွန်မကြောင့်ဟုမိမိကိုယ်မိမိ အပြစ်တင်မိသည်။
“ညကျရင် ချမ်းမှာနော် ၊ အနွေးထည် ထုတ်ပြီးပြီလား”
မောင်က စိုးရိမ်တကြီး မေးလေသည်။
“လမ်းမှာစားဖို့” ဟု မောင်၀ယ်ပေးလိုက်သော သုံးငါးတံဆိပ် ဂိုးလ်ဒင်းပတ်ဖ် မုန့်ထုပ်ကို ပေါင်ပေါ်မှာ ဆော့ကစားရင်း မောင့်ကို ခေါင်းညိတ်ပြလိုက်၏။
တစ်ချိန်တည်းမှာပင် မောင်နှင့် မခွဲဘဲ မောင့်ဘေးမှာ ရပ်နေခဲ့ချင်စိတ်က ကျွန်မ တစ်ကိုယ်လုံး ကို နွမ်းဖျော့လာစေခဲ့သည်။
“ပြတင်းဖွင့်ပြီး အိပ်ပျော်မနေနဲ့ ၊ သိလား ၊ ဟိုမရောက်ခင် ဖျားနေဦးမယ် ၊ ပြောတာကြားလား”
“ကြားပါတယ်”
ဖြေရင်း ဘယ်လိုက ဘယ်လို မျက်ရည်ကျမိမှန်း မသိတော့။ သတိရသည့်အခါ မျက်ရည်စက်များ မုန့်ထုပ်ပေါ်လွင့်စဉ် ကျလာပြီ။
“ဟောဗျာ …”
မောင် ပျာယာခတ်သွား၏။ ကျွန်မ၏ ပြတင်းဘောင်ပေါ် လက်တင်လျက် ….
“ဘာဖြစ်လို့ ငိုရတာလဲ၊သူများတွေ မြင်ကုန်ပြီ မရှက်ဘူးလား”
ကျွန်မ မျက်ရည်ကို မောင့်လက်ဖြင့် သုတ်ပေးဖို့ မောင်မမီနိုင်ပါ။ မောင့်လက်ကိုင်ပုဝါဖြင့် သုတ်စေရအောင်လည်း မောင်ရော ၊ ကျွန်မရော လက်ကိုင်ပုဝါကိုင်တတ်သူများ မဟုတ်ကြပါ။
“မငိုနဲ့နော် ၊ တစ်လဆိုတာ ဘာမှ မကြာပါဘူး ၊ ခဏလေးရယ်”
ပြတင်းဘောင်ပေါ်မှ ကျွန်မလက်များကို ခပ်ဖွဖွဆုပ်၍ ကြင်နာစွာ နှစ်သိမ့်ခဲ့လေသည်။
မောင် မစဉ်းစားမိဘူးလားကွယ်။
မောင်နှင့် တစ်လလောက် ခွဲရမှာကိုပင် မျက်ရည်ကျမိအောင် ၀မ်းနည်းထိခိုက်လွယ်သော ကျွန်မသည် မောင်နှင့် တစ်သက်လုံး ခွဲရလျှင် ဘယ်လိုများနေရစ်ခဲ့ပါ့မလဲဟု
မောင် နည်းနည်းမျှ ပြန်မငဲ့ကြည့်မိဘူးလား~~~
~~~~~
အခန်း ၅ ဆက်ရန်>>>>