နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးအုပ်စုများက မီဒီယာများကို လက်ကိုင်တုတ်အဖြစ် မွေးမြူကာ ဒီမိုကရေစီ အသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နေကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

ဒီဇင်ဘာ ၁၁

နိုင်ငံရေးနှင့် စီးပွားရေးအင်အားကြီးအုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြပြီး ယင်းမီဒီယာများမှတစ်ဆင့် တိုင်းပြည်ပြိုကွဲအောင် ပုံစံမျိုးစုံဖြင့် ပြုလုပ်နေကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးသည့် အုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြသည့်နည်းကို အသုံးပြုနေကြသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ယင်းမီဒီယာသမားများမှတစ်ဆင့် ပြည်သူများ၏ သဘောထားခံစားချက်များ၊ နစ်နာချက်များကို ပစ်ပယ်ပြီး ၎င်းတိုလိုလားသည့်ပုံစံများအတိုင်း ပုံဖော်သွတ်သွင်းထုတ်လွှင့် ဖော်ပြနေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အဆိုးရွားဆုံးမှာ ဖွံဖြိုးဆဲနိုင်ငံငယ်လေးများကို မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခများကြီးထွားလာအောင်၊ ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြုလုပ်နေကြခြင်းပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ယနေ့အချိန်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ တပ်မတော်သည် နိုင်ငံ့တာဝန်အရပ်ရပ်ကို ထမ်းဆောင်နေရချိန်လည်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေချိန်တွင် ကျင့်ဝတ်သိက္ခာမဲ့သည့် ပြည်ပဩဇာခံမီဒီယာသမားများသည် ခေတ်အမျိုးမျိုးက ဖြတ်သန်းလာခဲ့ရသည် ပြည်သူလူထုကို သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများနှင့် မှိုင်းတိုက်ပြီး အတွေးအမြင်များ မှားလာအောင်၊ အယူအဆများ လွဲလာအောင် လုပ်ဆောင်နေကြကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ နစက ဥက္ကဋ္ဌသည် ယနေ့တွင် ရုရှားနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံ၍ ခရီးသွား၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image