~~~ အမှတ်တရ ~~~ { ၄ }
#ဂျူး
“ဘယ့်နှယ်လဲ တွေ့ရဲ့လား ချာတိတ်”
ဆရာ ဂျွန်လှခိုင်က ကျွန်မ နောက်နားသို့ ရောက်လာသည်။
“ဟင့်အင်း” ကျွန်မ ရိုးသားစွာ ဖြေပါသည်။ ဆရာက ကျွန်မ၏ မိုက်ကရိုစကုတ်ကို ငုံ့ကြည့်သည်။ ထို့နောက် ဟက်ခနဲ ရယ်လျက် ကျွန်မ၏ ခေါင်းကို လက်ခေါက်ဖြင့် မနာအောင် ခပ်ဖွဖွထု၏။
“ကြည့်စမ်း မင်းဆလိုက်ထဲမှာ အလင်းရောင်မှ မ၀င်တာ ဘယ့်နှယ်လုပ် မြင်ရမလဲ ၊ ဒီရှေ့ကမှန်ကို ဒီလိုရွှေ့လေ ၊ မင်း ဘယ်စိတ်ရောက်နေသလဲ”
ကျွန်မ အရမ်းရှက်ကာ ရယ်ရမလို ငိုရမလို ထူပူသွားလေသည်။ မောင်က နောက်ကျောပေးထားရာမှ လှည့်ကြည့်၍ သူ့ထုံးစံအတိုင်း မချိုမချဉ် ပြုံးနေ၏။ ဆရာ့ပြောစကားက တိုးတိုးလေးပေမယ့် မောင်နှင့် ကျွန်မဘေးက တစ်ယောက် နှစ်ယောက်တော့ လုံလောက်စွာ ကြားရပါလိမ့်မည်။ ပြုံးနေသော မောင့်ကို အမြင်ကတ်ကတ်နှင့် မျက်စောင်းထိုးပစ်လိုက်မိတော့သည်။
ဤအဖြစ်အပျက်နှင့် ပတ်သက်၍ နောက်ပိုင်းကျတော့ မောင်က ကျွန်မကို မကြာခဏ စတတ်သည်။
“ကောင်မလေး တစ်ယောက် ငါ့ကို ရှိတ်နေတာနဲ့ပဲ မိုက်ခရိုစကုတ်တောင် မချိန်တတ်တော့ဘူး”
“ဟာ .. ဘာမှန်းလည်းမသိဘူး မောင်နော်”
မောင်က ကျွန်မ ဆွဲဆိတ်မည့်လက်ကို ဖမ်းဆွဲထား၍ တဟားဟား ရယ်မောလေသည်။
မောင်က စကောလားရှစ်ပ်(ပညာသင်ဆု) ရသူ။ ကျွန်မက စတိုင်ပင် (ပညာသင်ထောက်ပံ့ကြေး) ရသူ။ တစ်ခါတစ်ရံ ငွေသွင်းဌာနတွင် ငွေလာထုတ်ရင်း ကျွန်မတို့ နှစ်ယောက် ဆုံတတ်ကြသည်။ (မဆုံလျှင်လည်း ဆုံအောင် မောင်က ဖြစ်ဖြစ် ၊ ကျွန်မက ဖြစ်ဖြစ် ဖန်တီးတတ်သည်။)
တစ်ခါတော့ မောင်က ညစ်သည်။ စတိုင်ပင်စာအုပ်သည် မောင်နှင့်လည်း မဆိုင်ပါဘဲနှင့် စကောလားရှစ်ပါ စာအုပ်အောက်တွင်ခံ၍ မောင် အေးအေးဆေးဆေး စာရွက်ဖြည့်နေသည်။
ကျွန်မ မောင့်ကို ဘာမှ မပြောရဲသောကြောင့် မောင် မြန်မြန်ပြီး၍ ထွက်သွားရန်သာ စိတ်စောနေသည်။
မောင်သည် တံဆိပ်ခေါင်းကပ်တာလည်း အကြာကြီး ဖိနေသည်။ လက်မှတ်ထိုးတော့လည်း အကြာကြီး ။ ကျွန်မ မျက်နှာကို တစ်ချက်မှလည်း လှည့်မကြည့်။ ထို့နောက် စာအုပ်ကို ၀န်ထမ်းဆီ လှမ်းပေးတော့လည်း စတိုင်ပင်စာအုပ်ကိုပါ တစ်ထပ်တည်း ပေးလေသည်။ ကျွန်မက မောင့်ကို အမြင်ကတ်လှပြီ။ နောက်တော့ ၀န်ထမ်းဆီက တစ်ခါ ပြန်တောင်းယူရသည်။ ကျွန်မ စာရွက်ဖြည့်နေစဉ် မောင်က ပိုက်ဆံထုတ်ပြီး၍ ပြန်ထွက်သွားဖို့ပဲ ရှိသည် မဟုတ်လား။
သို့သော် မောင် မပြန်သေး ။ စာအုပ်လှန်၍ ကျွန်မ နာမည် ရှာနေစဉ် မောင်က စာအုပ်ထဲ ငုံ့ကြည့်၏။ ဘယ်သူတော့ ထုတ်ပြီးပြီ။ ဘယ်သူတော့ မထုတ်ရသေးဘူး။ ဘယ်သူ့ စတိုင်ပင်က ဘယ်သူ့ဆီ ဖဲပေါင်ရိုက်ထားတာ စသဖြင့် မောင်ဘေးက ပါလာသူကို ရယ်ရယ်မောမော ပြောနေ၏။ အင်မတန် ရဲတင်းသည့် မောင်ပါ။
ကျွန်မကလည်း ခပ်လှမ်းလှမ်းက ဆိုရင်သာ မောင့်ကို ကြည့်ရဲသူ။ အနီးကပ်နေလျှင်မောင့်ကို မော်၍ပင် မကြည့်ရဲသူ။ ကျွန်မ ကြောက်လေ မောင်က ရဲတင်းလေဖြစ်မှာ ။ မောင် မကောင်းဘူးနော်။
မောင်က ကျွန်မနှင့် ပတ်သက်လျှင် ဉာဏ်လည်းများတတ်၏။ ကျွန်မက မောင့်ကို မမြင်ချင်ယောင် ဆောင်လျှင် မမြင်ဘဲမနေရအောင် မောင်က ကြံတတ်၏။ ခန္ဓာဗေဒ လူတွေ့စစ်ဆေးခြင်းသည် တစ်ပတ်တစ်ခါလောက် စစ်တတ်သည်။
ခန္ဓာဗေဒ ခွဲစိတ်ခန်း အကျယ်ကြီးထဲမှာ ဆရာနှစ်ယောက်စီ ခွဲပြီး အဖွဲ့ ငါးဖွဲ့ ခြောက်ဖွဲ့ ထား၍ တစ်ယောက်ချင်း စစ်ဆေးလေ့ရှိပါသည်။
ခုံနံပါတ်များကိုလည်း ခြောက်အုပ်စုလောက် ခွဲလိုက်သောအခါ ခုံနံပါတ် နောက်ကျသူများလည်း အဖွဲ့၏ ထိပ်ဆုံးမှာ ရောက်၍ ဖြေပြီးချင် ပြီးသွားသည်။ မောင်က အလျင်ဖြေပြီးသွားလျှင် ကျွန်မ စာကျက်နေသော စင်္ကြန်လမ်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်တတ်ပါသည်။ အလိုလိုမှ စာကမရသည့် ကြားထဲ သူက အဲလို လျှောက်၍ ကြည့်ပြီဆိုသောအခါ ဘယ့်နှယ်လုပ်ပြီး စာထဲ စိတ်ရောက်တော့မှာလဲ။ နောက်ပြီး ကျွန်မ ဖြေဖို့ အလှည့်ရောက်လျှင် မှန်ပြတင်းပေါက် နောက်ကွယ် ခပ်လှမ်းလှမ်းမှ စိတ်ပူသလို ကြည့်နေတတ်သည်။
မောင်ကြည့်နေ၍ များ ကျွန်မ စာတွေ ကသောင်းသနင်း ဖြေမိလျှင် ဘယ်တော့မျှ အောင်မှာ မဟုတ်။ ဆရာ့မျက်နှာကိုသာကြည့်၍ ဖြေရသည်။ ဒုတိယနှစ်တစ်နှစ်ခွဲလုံးလုံး အပတ်စဉ် ခန္ဓာဗေဒ လူတွေ့စာမေးပွဲ များစွာ ရှိသည့်အနက် မှတ်လောက်သားလောက်အောင် မောင်ရော ကျွန်မရော တစ်ပြိုင်တည်း ကျဖူးပါသည်။
ကျွန်မတို့ကျောင်း၏ ထုံးစံအရ ခန္ဓာဗေဒ ဌာန ကြော်ငြာသင်ပုန်းတွင် စာရွက်ကပ်ပြီး အောင်စာရင်း ထုတ်ပြန်ပေးပါသည်။ မနက်ဖြေလျှင် ညနေဆို ကြော်ငြာစာရွက်ကပ်ပြီးနေပြီ။
ထိုစာရွက်တွင် နှစ်မျိုးသာ ပါ၏။ ထူးချွန်စွာ ဖြေနိုင်သူများ ဟူသော အုပ်စုနှင့် ကြိုးစားရန် လိုသေးသူများ ဟူသော အုပ်စု ဖြစ်ပါသည်။ ကျန်အလယ်အလတ်များကို ကြော်ငြာသင်ပုန်း၌ မကပ်ပေးပါ။
အံ့သြစရာကောင်းလောက်အောင် ဘယ်တုန်းကမှ မကျဖူးသော မောင့်နာမည်နှင့် ကျွန်မ နာမည်ကို အထက်အောက် တွေ့ရသည်။ ‘ကြိုးစားရန် လိုသေးသူများ’ အောက်တွင် ခုံနံပါတ်၊ ကျောင်းသားနာမည် ၊ ဖြေဆိုသော ဆရာနာမည်။ ထိုနေ့က မောင်သည် ဆရာမ ဒေါ်မြင့်မြင့်၀င်းနှင့် ဖြေရပြီး ကျ၏။ ကျွန်မက ဆရာဦးထင်အောင်နှင့် ဖြေရပြီး ကျ၏။ အဲဒီတုန်းက ဖြစ်နိုင်လျှင် အဲသည် စာရွက်ကလေးကို ဆုတ်ခွာ၍ သိမ်းထားလိုက်ချင်ပါသည်။ မောင့်ကို ပြောပြတော့ မောင်က ရယ်မောပြန်ပါသည်။ တော်တော် စိတ်ကူး ယဉ်ပါလားတဲ့။
သိပ်စိတ်ကူးယဉ်တတ်သော ကျွန်မကို မောင်ပေးသော ပထမဆုံး ရည်းစားစာမှာ အခန်းနံပါတ်မပါဘဲ ကျွန်မ အဆောင်သို့ ရုတ်တရက် ရောက်လာခဲ့သည်။
(ကျွန်မ နာမည်နောက်တွင် ကွင်းစ ၊ ကွင်းပိတ် နှင့် မြို့နာမည် ၊ အတန်းတို့ ထည့်လိုက်ရုံဖြင့် ကျွန်မဆီ ရောက်ပါသည်။)
#ဆက်ရန်ရှိ
