20 ပတ် - ဘာသာပြန်ပါ။

~~~ အမှတ်တရ ~~~ { ၃ }
#ဂျူး
နောက်ပြီး ယိုးဒယားဖိနပ် ခွာမြင့်ဦးချွန် စီးထားသော အရပ်ပုပုကောင်မလေးများကို မြင်လျှင်ပေါ့။ သို့မဟုတ်လည်း မန္တလေးသို့ ဆင်းသည့် ရက်ပိုင်းများတွင် မောင်နှင့်ကျွန်မ သွားခဲ့သော နေရာများကို မြင်လျှင်ပေါ့။ တရုတ်တန်းက ဖက်ထုပ်ကြော်ဆိုင်မှာ ကျွန်မကို သတိရစိတ်ဖြင့် မောင် ဖက်ထုပ်ကြော်သွားမစားဘူးဟု မည်သူက ငြင်းဆိုနိုင်မည်လဲ။ ဖက်ထုပ်ကြော် စားနေသည့် တစ်ညနေခင်းတုန်းက ခပ်လှမ်းလှမ်းမှ မြို့နယ် သမဝါယမ ဆေးခန်းထဲမှ ထွက်လာသော အဘ(သမားတော်ကြီး) ကို လေးစား ကြောက်ရွံ့စိတ်ဖြင့် နှစ်ဦးသား မျက်နှာချင်းဆိုင်ဖို့ ရှက်ရွံ့စွာ ထွက်ပြေးခဲ့ရခြင်း အကြောင်းကို မောင် သတိရချင် ရနေလိမ့်မည်။
အလုပ်သင် ဆရာ၀န် ဘ၀တုန်းက ကျွန်မကို မြင်တိုင်း မောင့်နာမည်ဖြင့် သူဘယ်မှာ ဟောက်ဆာဂျင်လုပ်သလဲဟု သတိတရ မေးတတ်သော အဘသည် မောင်တစ်ဦးတည်း မြင်လျှင်လည်း ကျွန်မ နာမည်ဖြင့် ဘယ်မှာ ဆေးခန်း ဖွင့်နေသလဲဟု သတိတရ မေးဦးမှာ သေချာလှပါသည်။
ထိုအခါ မောင်က
“အဲ .. အဲဒါ ကျွန်တော် မသိဘူး အဘ” ဟု ရိုးသားစွာ ဖြေလိမ့်မည်။ တတွဲတွဲနေခဲ့ကြသော ချစ်တပည့် နှစ်ဦးအား မည်သည့် ဆရာကမှ ကွဲကွာစေလိုမည် မဟုတ်ပါ။
မန္တလေး ရောက်တိုင်း ‘သင်းပျံ့’ အအေးဆိုင်မှာ ရေခဲမုန့် သွားစားဖို့ မောင် သတိရချင်လည်း ရနေမှာပေ့ါ။ စျေးချို မလွယ်ပေါက်က မြီးရှည်ဆိုင်သို့ မုန့်စားဖို့ သက်သက် ကျွန်မကို လိုက်ပို့ခဲ့ဖူးသည်ကို သတိရချင် ရနေမည်။
၀င်းလိုက် ရုပ်ရှင်ရုံ ဘေးက အုန်းနို့ခေါက်ဆွဲဆိုင်မှာ ပြင်သစ်ရုပ်ရှင်မင်းသား အေလိန်းဒီလွန်နှင့် ပတ်သက်ပြီး ကျွန်မတို့ နှစ်ယောက် စိတ်ဆိုးစိတ်ကောက်ခဲ့ဖူးကြောင်း သတိရမိလျှင် မောင် စိတ်လွတ်ကိုယ်လွတ် ပြုံးရယ်မိလေမလား။
မောင် လက်ထပ်ထားသော မောင့်ချစ်ဇနီးကတော့ မောင် စိတ်ကောက်ရလောက်အောင် ရုပ်ရှင်မင်းသား တစ်ယောက်၏ မျက်လုံးနှုတ်ခမ်း အမှုအရာမှ စိတ်သဘောထားအထိ စိတ်၀င်တစား ကောက်ချက်ချ ချီးကျူးလိမ့်မည် မထင်ပါ။
တောင်သမန်အင်းရေ တက်စအချိန်တွင် မယ်ဇယ်ပင်အောက် ရေစပ်နံဘေးတစ်ခု၌ နှစ်ယောက် အတူထိုင်၍ ဘာစကားမှ မပြောဘဲ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်မှီနွဲရင်း ငြိမ်သက်နေခဲ့ဖူးကြောင်း မောင် သတိရချင် ရလိမ့်မည်။
ထိုအခါ ကျွန်မ အပေါ် သနားကြင်နာ စိတ်ကလေး အနည်းငယ် ၀င်ရောက်လျှင်ပင် ကျွန်မ ကျေနပ်ပြီ။
မောင့်အခန်းမှာ ကျွန်မကို သတိရလွမ်းဆွတ်စိတ်ကြောင့် အလွမ်းပြေကြည့်ရန် ထားဖို့ဆို၍ ဇွတ်တရွတ် တောင်းခဲ့သော ကျွန်ဓါတ်ပုံ ဘယ်များရောက်နေပါလိမ့်။ မောင် မန္တလေးမှ ပြန်စဉ်တုန်းက ကျွန်မ ပြန်တောင်းထားလိုက်ဖို့ သတိရသော်လည်း မကောင်းတတ်ဘူး ထင်သည်။
အက်ကြောင်း ပေါ်နေသည်ကို မြင်နေရပြီ ဖြစ်သော ကျွန်မ အနေဖြင့် အက်ကြောင်း ပိုမိုကြီးထွား ကွဲပြတ်မသွားအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းခဲ့မိသည်။
အိမ်ထောင်သည်ဘ၀ ရောက်မှ ရည်းစားဟောင်း၏ ဓါတ်ပုံကို တသသ လွမ်းဆွတ်နေမည့် အရေအတွက် နည်းပါးလှသော ယောကျာ်းအမျိုးအစား ထဲတွင် မောင် မပါ၀င်မှန်း ကျွန်မ သိပါသည်။ မောင်သည် အနည်းငယ်မှ စိတ်ကူးမယဉ်တတ်ပါ။ အမြဲ လက်တွေ့ကျဖို့ ကြိုးစားနေသူ တစ်ယောက် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ကျွန်မ ဓါတ်ပုံကို မောင် မီးရှို့ပြီး ဖြစ်မှာပါ။
ကျောင်းသားဘ၀တုန်းက မောင်၏ ‘ရိုက်စ်တာ’ နားကျပ် နားထောင်ခွက်ပြား ကလေးအောက်မှာ‘ဂျေ’ ဟူသော အနီရောင် စာလုံးလေး တစ်ခု ထည့်ထားခဲ့ပါသည်။
ဆေးရုံမှာ နားကျပ်ကို အသုံးပြုတိုင်း ထွင်းဖောက်မြင်နေရသော‘ဂျေ’ ဟူသည့် စာလုံးကလေးကို ကြည့်၍ ဆရာတစ်ဦးက “ဟေ့ … ဂျေဆိုတာ မင်းနာမည်တော့ မဟုတ်ဘူးကွနော် ၊ မင်း ရည်းစားနာမည် မဟုတ်လား ၊ ဘယ်သူတဲ့လဲ” ဟု ရယ်မော၍ မေးခဲ့သည် ဆို၏။
အခုတော့ မောင့်နားကျပ်မှာ ‘ဂျေ’ စာလုံးလေး ရှိချင်မှ ရှိတော့မည်။ သို့မဟုတ်လည်း အင်္ဂလန်ပြည်ဖြစ် ‘လစ်တ်’ နားကျပ်ကို ပြောင်းလဲ အသုံးပြုနေပြီ ဖြစ်ချင်ဖြစ်မည်။
တစ်ခု သေချာသည်မှာ မောင်ကိုင်သော ပြဌာန်းစာအုပ်တိုင်း၏ ပထမဆုံး စာမျက်နှာ ညာဘက်ထိပ်တွင် ‘ဂျေ’ ဟူသော စာလုံးများကတော့ အခုထက်ထိရှိနေပါလိမ့်မည်။
မောင် ဖဲပေါင်ရိုက်သော ပြဌာန်းစာအုပ်တိုင်း ကျွန်မ ပြန်ရွေးပေးပြီး ကျွန်မ ပြန်ရွေးပေးသော စာအုပ်တိုင်း မောင်က ကျွန်မ နာမည် စာလုံး ရေးထားသောကြောင့် ဖြစ်ပါသည်။
ဒါက မောင့်စာအုပ် မဟုတ်တော့ဘူးလေ ၊ ချစ်စာအုပ်ဟု မောင်က မချိုမချဉ် ပြောလေ့ရှိပါသည်။ ဘာပဲဖြစ်ဖြစ် မောင်သည် စာလုံးများကို ဆုတ်ပစ်သည်အထိ ကျွန်မပေါ် စိတ်နာဖွယ် အကြောင်းမရှိပါ။
မောင်သည် နာကျည်းမည်ဆိုလျှင် နာကျည်းထိုက်သော ကျွန်မကလည်း မောင် မွေးနေ့လက်ဆောင် ပေးခဲ့ဖူးသော ဂစ်တာလေးကို ရိုတ်ချိုးပစ်ဖို့ ကျွန်မ စိတ်မကူးခဲ့ပါ။
အစွဲအလမ်း ကြီးမားလှသော ကျွန်မသည် မောင်၀ယ်ပေးထားသော ကနုကမာ လက်ခတ်ပြား (ပက်ထရမ်) လှလှလေးကိုပင် မဖောက်ရက် ဖောက်ရက် အပေါက်ဖောက် နိုင်လွန် ကြိုး ကလေးဖြင့် ချည်၍ မပျောက်ပျက်အောင် ဂစ်တာနှင့် တွဲချည်ထားခဲ့သည်။
ရယ်စရာကောင်းနေသည်မှာ မောင်နှင့်ပတ်သက်သမျှ အသေးအမွှား ပစ္စည်း ကလေးများ (ရေချိုးရင်း စီးသော ရော်ဘာ ဖိနပ်ကအစ) ကျွန်မထံမှာ မကွဲကွာ ရှိနေပါလျက် မောင်ကိုယ်တိုင်ကတော့ ကျွန်မနှင့် မိုင်ပေါင်းများစွာ ဝေးသော တောင်ပေါ်မြို့ငယ် ကလေး၌ ကျွန်မကို မေ့လျော့နေခြင်း ၊ နောက်ပြီး ကျွန်မ ဘယ်လို ကျန်ရစ်ပါ့မလဲဟု အနည်းငယ်မျှ ပြန်ငဲ့မကြည့်ခဲ့ခြင်း ဖြစ်လေသည်။
ဘယ်သူတွေ ဘာပြောပြော မောင့်ချစ်သူ ကျွန်မ ဖြစ်ခဲ့ရသောကြောင့် မောင် ကံကောင်းသည်။
မောင်က လိုက်ခဲ့ပါဟု ခေါ်တုန်းကလည်း မောင့်ဘေးမှ ကျွန်မပါသည်။
မောင်က နေရစ်ခဲ့ဟု ဆိုပြန်တော့လည်း မောင် စိတ်အနှောက်အယှက်ဖြစ်မည့် စာတစ်စောင် စကားတစ်ခွန်းမျှ မောင်မကြားရစေဘဲ ကျွန်မ ငြိမ်သက်စွာ နေရစ်ခဲ့တာ အမှန်ပါပဲ။
အဲသည်အထိ ကျွန်မ မောင့်ကို ချစ်မြတ်နိုးခဲ့ပါသည် မောင်။
~~~~~~~
အခန်း ၄ ဆက်ရန်>>>>

image