ဒဂုံအရှေ့စက်မှုဇုန် မီးလောင်မှု ရှစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရ

ဒီဇင်ဘာ ၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန် မီးလောင်မှု Level 2 အဆင့်နဲ့ ရှစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၅ ရက်၊ ညနေ ၆ နာရီ၊ ၅၇ မိနစ်ဝန်းကျင်က မီးလောင်ကျွမ်းမှု စတင် ဖြစ်ပွားခဲ့တာမှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် ၃ နာရီ၊ ၄၁ မိနစ်ဝန်းကျင် ရောက်မှသာ မီးငြှိမ်းသတ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မီးလောင်တဲ့ စက်ရုံက ကော်စေ့စက်ရုံပါ။ တရုံလုံးကုန်သွားလား၊ မကုန်သွားတော့ မပြောတတ်ဘူး။ ဟိုဘက်မှာလည်း ရုံတွေရှိသေးတယ်။ ညမိုးချုပ်နေတော့ ဘာမှလည်း မမြင်ရဘူးလေ။ မီးလောင်ချိန်ကတော့ တော်တော်ကြာတယ်။ လူထိခိုက်မှုတော့ မရှိဘူး” လို့ မီးငြှိမ်းသတ်ရာမှာ သွားရောက် ကူညီခဲ့သူတယောက်က ပြောပါတယ်။

Level 1 အဆင့်နဲ့ စတင်ခဲ့တဲ့ အဲဒီ မီးလောင်ကျွမ်းမှုကို ည ၉ နာရီခွဲအချိန်မှာ Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာ ငြှိမ်းသတ်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်း စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်ရှိ Sewell Garmentအထည်ချုပ်စက်ရုံမှာ Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပေ ၁၀၀ ကျော်ပတ်လည်ရှိ အထည်ချုပ်စက်ရုံအဆောက်အဦ တခုလုံးနဲ့ စက်ပစ္စည်းတွေ၊ အထည်ကုန်ကြမ်းတွေ အားလုံး မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံစက်မှုဇုန်ရှိ SHIN SUNG အထည်ချုပ်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

Photo:MFSD

credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image