Part-1
သူငယ်ချင်း မောင်သာနိုး
‘သူငယ်ချင်း’ဆိုတဲ့ ခေါင်းစဉ်နဲ့ စဉ်းစားလိုက်ရင် တက္ကသိုလ်သူငယ်ချင်းတွေပဲ ပေါ်လာပါတယ်။ အလယ်တန်းနဲ့ အထက်တန်းတုန်းက သူငယ်ချင်းတွေဟာ တက္ကသိုလ်ကို အတူပါမလာရင် သူငယ်ချင်းစာရင်းက ပြုတ်ကျန်နေရစ်ပါတယ်။ တက္ကသိုလ်ရောက်မှ ဝါသနာနဲ့ ဓလေ့စရိုက်တွေကလည်း တည်တံ့ဖွံ့ဖြိုးလာတော့တာ ကိုး။ ဒီတော့မှလည်း ကိုယ်နဲ့ ဝါသနာတူ၊ ဓလေ့စရိုက်တူတဲ့ ကျောင်းသားတွေနဲ့ အချင်းချင်းတွဲဖြစ်တော့တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ယုံကြည်ချက်ကလည်း တူညီနီးစပ်ဦးမှ။ လောကအမြင်၊ နိုင်ငံရေး၊ ဘာသာရေးစတဲ့ ယုံကြည်ချက်တွေပေါ့။
မန်းတက္ကသိုလ်ကို ကျွန်တော်က ၁၉၅၆ ခုနှစ်မှာ ရောက်သွားပါတယ်။ မောင်မိုးသူ၊ ကြည်အောင်၊ ကသာဝင်းကြွယ်တို့နဲ ့အတူတူ ရောက်လာကြတာပါ။ ကိုသာနိုးတို့က ၁၉၅၁ လောက်က တက္ကသိုလ်ရောက်နှင့်နေပြီ။ ဒါပေမဲ့ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ ကျောင်းတစ်လပိတ်ရေး အရေးတော်ပုံမှာ ကျောင်းထုတ် ထောင်ချ ခံရလို့ ၁၉၅၆ ခုနှစ်ကျမှ ကျောင်းပြန်ဝင်ခွင့်ရသတဲ့။ မောင်သိန်းနိုင် (ဂုဏ်ထူး)နဲ့ တင်မိုးတို့က ၁၉၅၇ ခုနှစ်ကျတော့မှ မြန်မာစာဂုဏ်ထူးကိုယ်စီနဲ့ ရောက်လာခဲ့ကြ ပါတယ်။ ခုပြောတဲ့ ကျောင်းသားစာရင်းထက် စာပေဝါသနာရှင် ကျောင်းသား တွေက ပိုများပြီး မြိုင်ဆိုင်ပါတယ်။ ဒါကြောင့်လည်း မန်းတက္ကသိုလ် စာပေလှုပ်ရှား မှုမှာ ၁၉၅၆-၁၉၆၆ ခုနှစ် ၁၀ နှစ်တာကာလလောက်ဟာ စည်ကားမြိုင်ဆိုင်မှု အရှိဆုံး ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီ ၁ဝ စုနှစ်ကာလတစ်ခုအတွင်း မန်းတက္ကသိုလ်မှာ (၁) မန္တလေး သီးခြားတက္ကသိုလ်အကြိုပွဲတော်၊ (၂) မန်းရာပြည့်ပွဲတော်၊ (၃) တက္ကသိုလ်ကောလိပ်ကျောင်းပေါင်းစုံအားကစားနှင့် ယဉ်ကျေးမှုပွဲတော်တွေနဲ့လည်း ပေါင်းဆုံမိခဲ့ကြ ပါတယ်။ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းပေါင်းစုံဆိုတာက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်တို့ပဲ ဖြစ်ပါတယ်။ ဒီပွဲတော်တွေမှာ တက္ကသိုလ်ကောလိပ်ကျောင်းသား တွေရဲ့ စာပေယဉ်ကျေးမှု အနုပညာရပ်များနဲ့ အားကစားဆိုင်ရာ လှုပ်ရှားမှုတွေဟာ တက်ကြွမြိုင်ဆိုင်မှုရှိပြီး မိတ်ဆွေဖြစ်ရေးပေါင်းသင်းဆက်ဆံရေးမှာလည်း အထူး တိုးတက်ခဲ့ပါတယ်။ တကသများလှုပ်ရှားမှု ဒီရေမြင့်သစ်ပါပဲ။
“သမဂ္ဂတည်တံ့ချင်၊ ယဉ်ကျေးမှုထိန်းသိမ်းအစဉ်
မိတ်ဆွေဖြစ်ရေးလည်း တိုအင်္ဂါပင်
ငြိမ်းချမ်းရေးတော့ အချစ်ဆုံးပင်” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို တူညီသီဆို ခဲ့ကြတာလည်း သတိရပါတယ်။ အဲဒီကာလမှာ မန်းတက္ကသိုလ်က ကျောင်းသား ခေါင်းဆောင်တွေကတော့ မုံရွာတင်ရွှေတို့၊ ကိုသာနိုးတို့ ဖြစ်ကြပါတယ်။ အဲဒီ ၁ဝ စုနှစ်လောက်အတွင်းမှာ သူတို့ပဲ ဦးဆောင်သွားကြပါတယ်။ ၁၉၅၈ ခုနှစ် သမဂ္ဂရွေးကောက်ပွဲကိုတော့ မှတ်မှတ်ရရဖြစ်မိပါတယ်။ ဥက္ကဋ္ဌက ကိုသာလှ(မြင်းခြံ)၊ အတွင်းရေးမှူးက ကိုသာနိုး၊ ဒုတိယဥက္ကဋ္ဌ (ပြန်ကြားရေး)က ကိုစိန်မြင့်(မောင်မိုးသူ)၊ ဒုတိယဥက္ကဋ္ဌ (ဘဏ္ဍာရေး)က ကိုခင်မောင်ဝင်း (ကသာဝင်းကြွယ်)၊ ပြန်ကြားရေးမှာ အတွင်းရေးမှူးက ကိုဝင်းဖေ (မောင်စွမ်းရည်)၊ ဘဏ္ဍာရေးမှာ ကိုဝင်းဘို(မုံရွာ)၊ အမျိုးသမီးတာဝန်ခံက မေဝင်းကြည်(ကောလင်း)တို့ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ မောင်သိန်းနိုင်နဲ့ မောင်ဘဂျမ်း(တင်မိုး)တို့ရဲ့ ဦးဆောင်မှုကြောင့် ကလောင်ရှင်အသင်း ရဲ့ လှုပ်ရှားမှုတွေကလည်း အထူးတိုးတက် မြိုင်ဆိုင်ခဲ့ပါတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကြီးနဲ့လည်း ဆက်စပ်ပူးတွဲလှုပ်ရှားမှုတွေ တိုးတက်လာခဲ့ပါတယ်။
#ဆက်ရန်ရှိ