20 ပတ် - ဘာသာပြန်ပါ။

~~~ အမှတ်တရ ~~~ { ၃ }
#ဂျူး
ပြင်ပအလှများကြောင့် ယောကျာ်းတစ်ယောက်နှင့် လွဲရမည်ဆိုလျှင် ဆယ်ခါပြန် လွဲလိုက်စမ်းပါစေ ဟူသော မာနတရားကြောင့် ရဲဝံ့စွာ ဘ၀ကို ဖြတ်သန်းခဲ့သော ကျွန်မသည် မောင့်ကို ချစ်မိသည်မှာလည်း မောင့်ကိုယ်ခန္ဓာ၏ အလှအပကြောင့် မဟုတ်ပဲ အမြဲတမ်း စူးရှလေးနက်သော မျက်လုံးနှင့် ထက်မြက်သော ဉာဏ်ပညာကြောင့်သာ ဖြစ်၏ ။ ချစ်သူရင်ခွင်မှာ နွဲ့မှီကြည်နူးသော အခြား မိန်းကလေးများ မည်ကဲ့သို့ နေမည် မသိသော်လည်း မောင့်ရင်ခွင်မှ ဖက်တွယ် ကြည်နူး နေသော ကျွန်မကတော့ ကျွန်မတို့ နှစ်ယောက်မှ မွေးဖွားလာမည့် သား သို့မဟုတ် သမီးကို သိပ်ဉာဏ်ထက်မြက် ကြိုးစားမည့် ရင်သွေးအဖြစ် စိတ်ကူးပျော်ရွှင်နေခဲ့သော အချိန်က များလေသည်။
မောင်က မိန်းကလေး ပီသစေချင်လွန်းသော ကျွန်မသည် မီးဖိုချောင်တွင် ထမင်းဟင်း ချက်ပြုတ်ရင်း အချိန်ကုန်ဆုံးဖို့ ဝါသနာမပါသော မိန်းမတစ်ယောက်လည်း ဖြစ်သည်။
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် နန်းရှေ့အိမ်၌ မောင်နှင့်အတူ နေ့လယ်စာ စီစဉ်ချက်ပြုတ်ဖို့ တစ်ခါတစ်ရံမှသာ ဝါသနာပါ၏ အများအားဖြင့် လွယ်ကူပြီးစီးသော ၊ မောင်လည်း ကြိုက်တတ်သော ပေါင်မုန့်ကိုပင် အမျိုးမျိုး လုပ်စားခဲ့သည်။ ပေါင်မုန့်နှင့် ကော်ဖီကို ကျွန်မ ငြီးငွေ့လာသောအခါမှ မောင်ကြိုက်တတ်သည့် ငါးကြင်းသားဆီပြန် ဖြစ်စေ ၊ ၀က်သားပဲငါးပိ ဖြစ်စေ ၊ ငါးသလောက်ပေါင်း ဖြစ်စေ စိတ်လိုလက်ရ ချက်ကျွေးတတ်လေသည်။
မောင်က သူ့ချစ်သူကို ယောက်ျားတကာနှင့် လက်ဖက်ရည်ဆိုင်အတူထိုင်တာ အလွန်စိတ်တိုတတ်သည်။ ကျွန်မကတော့ ဝါသနာတူမိတ်ဆွေ (မိန်းမဖြစ်စေ ၊ ယောကျာ်းဖြစ်စေ) တစ်ဦးဦးနှင့် ရုပ်ရှင်အကြောင်း ၊ စာအုပ်အကြောင်း ၊ နောက်ဆုံး သီချင်းတိပ်ခွေများနှင့် ဂီတအကြောင်းထိ တမေ့တမြော စကားထိုင်ပြောဖို့အတွက် ၀န်မလေးတတ်။
ကျွန်မ ၀တ္ထုများကို ဖတ်၍ ကျွန်မကို လေးစားသော မိတ်ဆွေဖွဲ့ချင်သောလူငယ်များက တစ်ခါတစ်ရံ အဆောင်သို့ လာရောက်တတ်သည်။ ကျွန်မသည် မောင်မကြိုက်မှန်း သိသောကြောင့် အကြောင်းတစ်ခုခုဖြစ်၍ ရှောင်ရန် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ပါ။
မည်သူမည်ဝါဟု မသိဘဲ လက်ခံစကားပြောဖို့ ကျွန်မ တာ၀န် ဖြစ်သလို အရေးတယူ အထင်တကြီး ခင်မင် မြင်ဖူးလိုစွာ လာရောက်သော စာဖတ်သူများအား တုံးတိစွာ စကားဆက် ဖြတ်မပစ်ဖို့လဲ ကျွန်မ တာ၀န်ပင် ဖြစ်သည်။ တစ်ခါတစ်ရံ မောင်က ကျွန်မကို ပါလာထဲမှာ လာရှာသောအခါ ကျွန်မ စကားဖြတ်၍ နှင်လို့ရ၏။
မောင်က လိုက်မလာဘဲ ဗာဒံပင်အောက်မှ ရပ်ကြည့်ပြီး ဒေါသတကြီး ထွက်သွားပြီဆိုလျှင် ကျွန်မ မျက်နှာမပျက်အောင် အတင်းဟန်ဆောင် ထားခဲ့ရ၏။ ဤကိစ္စနှင့် ပတ်သက်၍ စကားများကြလျှင် မောင် ဘယ်တော့မှ အလျှော့မပေးပါ။
“သွားစမ်းပါ ၊ မင်းပရိသတ်က မိန်းမကို မရှိဘူး ၊ ယောက်ျားချည်းပဲ” ဟု ဒေါသတကြီး ရေရွတ်၏။ ကျွန်မ ဘာမျှ ပြန်မပြောတတ်ပါ။
“ဝိဇ္ဇာ … သိပ္ပံ တက္ကသိုလ်မှာ မိန်းမတွေလဲ အများကြီး ၊ မင်းဆီလာသမျှ ပရိသတ်ကတော့ ယောကျာ်းချည်းပဲ” ဟု မလိုတမာ ပြောတိုင်း ကျွန်မကတော့ အပြုံးမပျက် နှစ်သိမ့်မြဲ ဖြစ်၏။
၀တ္ထု မဂ္ဂဇင်း ဖတ်ဖို့ ဝါသနာမပါသော မောင်သည် လစဉ်ထုတ် မဂ္ဂဇင်းတို့ကို လှန်လှော၍ ကျွန်မ၀တ္ထုကို ရှာလေမည်လား ။ မဂ္ဂဇင်းတစ်ခုကို ကြည့်ပြီဆိုလျှင် ကာတွန်းကိုသာ ဦးစားပေး ဖတ်သော မောင်သည် ကျန်၀တ္ထုများကိုတော့ ၀တ္တရားမပျက် ဖတ်ရှုခဲ့ပါသည်။
တစ်ခါတစ်ရံ
“ဘာတွေ ရေးထားခဲ့တာလဲဟင်” ဟု မကွယ်မဝှက် ညည်းညူလေ့ရှိသော မောင်၏ ပွင့်လင်း ရိုးသားဟန် ကို ကျွန်မ ချစ်မြတ်နိုး၏။
“ချစ် ရေးတဲ့ ၀တ္ထု တွေ မောင် မကြိုက်ဘူးလား” ဟု ခပ်သောသောမေးလျှင် မောင်က ကလေးဆန်စွာ မျက်နှာ ရှုံ့ပြတတ်သည်။
“ကြိုက်ဖို့နေနေသာသာ ဘာတွေရေးထားမှန်းတောင် မသိဘူး” တဲ့ ။
မောင်ဟာလေ အရမ်းကို ချစ်ဖို့ကောင်းတာပဲဟု ကျွန်မက ရယ်မောရင်း မှတ်ချက်ချလျှင် မောင်ရှက်သွားပြီး “ဘာလဲဟ” ဟု ရေရွတ်တတ်၏။ အများတကာက မကြာခဏ တိုက်တွန်းမှ ပြောလွန်းမှ ….
(“ချစ်” ကို လူတွေက ပြောနေတယ်၊ စာရေးကျဲလို့ ဆိုလားပဲ။) ဟု
တစ်ဆင့်စကားဖြင့် ရိုးသားစွာ တိုက်တွန်းတတ်သော မောင်သည် ကျွန်မနှင့် ဝေးကွာနေသော မောင်ငြိမ်းအေးမှုအတွင်း၌ ကျွန်မ၏ နာမည်ကို သတိတရရှိဖို့တော့ တော်တော်ခဲယဉ်းမှာပါ။ မဂ္ဂဇင်းထဲမှ ကျွန်မရေးသော ၀တ္ထုဖြင့် ကျွန်မကို သတိရအောင်ကလည်း မဖြစ်နိုင်။
မောင်နှင့်ဝေးကွာခဲ့ရသည့် (၃) နှစ်အတွင်း မောင်လက်မထပ်မီ ၀တ္ထုတိုတစ်ပုဒ် ၊ မောင်လက်ထပ်ပြီး ၀တ္ထုတိုတစ်ပုဒ်သာ ထည့်ဖြစ်၏။ မောင်လက်ထပ်ပြီး မဂ္ဂဇင်းမှာ ပါသော ၀တ္ထုကလည်း ဟိုးအလျင်ကတည်းက ရေးပြီးသား စာမူကြမ်းကို အနည်းငယ် ပြင်ဆင် မွမ်းမံခဲ့ခြင်းပင် ဖြစ်လေသည်။ အကြောင်းတိုက်ဆိုင်၍ ကျွန်မကို မောင် သတိရခဲ့လျှင် ဘာဖြစ်လို့ ၀တ္ထုမရေးတော့ပါလိမ့်ဟု နားလည်စွာ စိတ်မကောင်းဖြစ်နေမည်လား (ဤသည်မှာ ရူးနှမ်းသော ထင်မြင်ချက် တစ်ခုသာ ဖြစ်၏။)
ဘာပဲဖြစ်ဖြစ် ရှားပါးလှစွာသော တစ်ခါတရံမှာတော့ မောင် ကျွန်မကို သတိရမှာပါ။ ဥပမာ … မောင့်လူနာတစ်ယောက်သည် ကျွန်မနှင့် နာမည် ဆင်တူနေလျှင်ပေါ့။
#ဆက်ရန်ရှိ

image