ဆန်ကိို ရည်ညွှန်စျေးနဲ့ရောင်းဖို့ သတိပေးနေပေမယ့် စျေးကမကျတဲ့အပြင် အရည်အသွေးမကောင်းတာတွေပါရောနှောရောင်းချမှုရှိနေ

ဒီဇင်ဘာ ၆

ရွှေဘိုပေါ်ဆန်းမွှေးအပါအဝင် ပြည်တွင်းစားသုံးတဲ့ဆန်အမျိုးအစားကို သိုလှောင်ပြီး စျေးကစားခြင်းမလုပ်ဘဲ သတ်မှတ်ရည်ညွှန်းစျေးနဲ့သာ ရောင်းချဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထပ်မံသတိပေးမှုတွေပြုလုပ် ​လာပါတယ်။

ဈေးကွက်ထဲမှာ ဆန်ဈေးနှုန်းကို ရည်ညွှန်းဈေးထက် ပိုပြီး ရောင်းချမှု တွေ့ရခြင်း၊ အထူးသဖြင့် ရွှေဘိုပေါ်ဆန်း နဲ့ ဧရာဝတီပေါ်ဆန်းကို စပါးသစ် ပေါ်ချိန်မှာ ဈေးကိုမြှင့်တင်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းတွေရှိနေတာကြောင့် ပြည်တွင်းစားဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ မနောသုခ စတဲ့ ဆန်အမျိုးအစားအားလုံးကို သိုလှောင်ဈေးကစား ခြင်း မပြုလုပ်ဖို့နဲ့ ရည်ညွှန်းဈေး သတ်မှတ်ချက်အတိုင်းသာ ရောင်းဝယ်ဖို့ ထပ်ပြီးသတိပေးရတာဖြစ်တယ်လို့ သိရပါတယ်။

" ကျွန်တော်တို့ထိန်းဖို့ခက်ခဲတာက သိုလှောင်စျေးကစားတဲ့သူတွေပါ။သိုလှောင်စျေးကစားတဲ့သူတွေက စျေးကွက်ထဲမှာအများကြီးပဲ၊သိုလှောင်စျေးကစားသူတွေကြောင့် စျေးကွက်ထဲမှာဆန်စျေးနူန်းမတည်မငြိမ်ဖြစ်ရတယ်။ဒါကြောင့်စုံစမ်းစစ်ဆေးပြီးအရေးယူတာတွေရှိလာတယ်။ဒါကြောင့်သင့်တင့်မျှတတဲ့စျေးနဲ့ရောင်းချဖို့ပေါ့။" လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF ဥက္ကဋ္ဌဦးရဲမင်းအောင်က ပြောပါတယ်။

စျေးကွက်ထဲမှာသတ်မှတ် ဆန်ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စတဲ့ ထိရောက်တအရေးယူမှုတွေကို လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစပြီး ဆန်စျေးနူန်းမတည်ငြိမ်အောင် စျေးကစားတယ်ဆိုပြီး ဆန်လုပ်ငန်းရှင်၊ဆန်ကုန်သည်၊ပွဲရုံတွေ၊ဆတ်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး စျေးကစားကြောင်းစစ်ဆေးတွေ့ရှိသူတွေကို သတိပေးပြီး အရေးယူမှုတွေလုပ်ခဲ့ပါတယ်။

ဆန်စျေးနူန်းကိုသတ်မှတ်ရည်ညွန်းစျေးထက်ပိုမရောင်းချဖို့ သတိပေးမှုတွေအကြိမ်ကြိမ်လုပ်သလို ဆန်လုပ်ငန်းရှင်အချို့ကိုပါဖမ်းဆီး အရေးယူခြင်းဒဏ်ငွေ ရိုက်ခြင်းတွေလုပ်နေပေမယ့်လည်း ပြည်တွင်းဆန်စျေးကွက်မှာတော့ ဆန်စျေးကခုထက်ထိမကျလာတဲ့အပြင် အရည်အသွေးညံ့တဲ့ဆန်တွေပါရောနှောရောင်းချမှုတွေရှိလာတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။

" သတ်မှတ်ရည်ညွှန်စျေးနဲရောင်းတာက ဆိုင်မှာထုတ်ပြီးသားအိတ်တွေအဆင်သင့်ပဲ။ဘာဆန်ရောင်းမှန်းမသိရဘူး။ကျန်တဲ့ကျွန်မတို့စားနေတဲ့ဧရာပဒေသာဆို တပြည်ကို ၆၅၀၀ ရှိတယ်။ကုမ္ပဏီတံဆိပ်တွေနဲ့ ရွှေဘိုပေါ်ဆန်းမွှေးဆိုရင်အခုတအိတ်ကို၂သိန်းပေးရပြီးဆန်တွေအရမ်းညံ့သွားတယ်။ဆန်အိတ်တွေလည်းပေါ်တင်မရောင်းဘူး။စျေးကမကျဘဲဆန်သားမကောင်းတာတွေဝယ်နေရတယ်။သူတို့လုပ်တာဘာမှမထိရောက်ဘူး။စားသုံးသူပဲခံနေရတယ်။"လို့ စားသုံးသူ အိမ်ထောင်ရှင်မတယောက်က ပြောပါတယ်။

လက်ရှိ ဆန်စျေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်းမွှေးထူးရှယ်က တအိတ်ကို ၂၀၀၀၀၀ ကျပ်အထိရှိပြီးဆန်အရည်အသွေးညံ့လာသလို ဧရာပဒေသာဆန်က ၁၆၀၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။

အခြား ပြည်တွင်းသုံးဆန်တွေဖြစ်တဲ့ မှော်ဘီ၊နှံကောက်၊ငွေတိုးရင် ဆတ်အမျိုးအစားကတအိတ်ကို ၈၅၀၀၀ ကျပ်အထက်မှာရှိနေပြီး ဆန် တပြည်ကိုအနိမ့်ဆုံး ၃၈၀၀ ကျပ်ရှိနေပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image