ရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်၍ မြန်မာသံအမတ်နှင့် ဗင်နီဇွဲလားသံအမတ်တို့ ဆွေးနွေး
မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဘရပ်ဆဲလ်မြို့ရှိ ဗင်နီဇွဲလားသံအမတ်ကြီးနှင့် မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံစဉ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ဥရောပသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလားသံအမတ်ကြီး H.E. Mr. Jorge Hidalgo VALERO BRICEÑO နှင့် နိုဝင်ဘာ (၂၉)ရက်က ဗင်နီဇွဲလားသံရုံး၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဗင်နီဇွဲလားသံအမတ်ကြီးမှလည်း ဗင်နီဇွဲလားနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သော သမ္မတရွေးကောက်ပွဲအတွေ့အကြုံများနှင့်ပတ်သက်၍ ပြန်လည်မျှဝေ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ သက်ဆိုင်ရာနှစ်နိုင်ငံ၏ ဥရောပသမဂ္ဂနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အခြေအနေများ အပေါ်တွင်လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။