မြန်မာနိုင်ငံအနေဖြင့် IAEA ၏နည်းပညာအကူအညီများကြောင့် နျူကလီးယားအသိပညာနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးဖြစ်ထွန်းမှုများရရှိခဲ့
မြန်မာနိုင်ငံအနေဖြင့် IAEA ၏နည်းပညာအကူအညီများကြောင့် နျူကလီးယားအသိပညာနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးဖြစ်ထွန်းမှုများရရှိခဲ့သည်ဟု သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ အခြေစိုက်ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးမင်းသိမ်းကပြောသည်။
ဗီယင်နာမြို့တွင် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ နျူကလီးယားသိပ္ပံနည်းပညာအသုံးချမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဆိုင်ရာ ဝန်ကြီးအဆင့်ညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် IAEA ၏နည်းပညာအကူအညီများကြောင့် နိုင်ငံ၏ အစားအစာနှင့် စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးနှင့်အာဟာရကဏ္ဍ၊ ရေနှင့်ပတ်ဝန်းကျင်ကဏ္ဍ၊ စက်မှုဆိုင်ရာအသုံးချကဏ္ဍ၊ ဓာတ်ရောင်ခြည်ဘေးကင်းရေး၊ နျူကလီးယားအသိပညာနှင့်စီမံခန့်ခွဲမှုကဏ္ဍ၊ လူ့စွမ်းအားမြှင့်တင့်ရေးကဏ္ဍများတွင် အကျိုးဖြစ်ထွန်းမှုများစွာရရှိခဲ့သည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားသိပ္ပံနည်းပညာနှင့်အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန် အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ပံ့ပိုးကူညီပေးနေသည့် IAEA ၏နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကိုအသိအမှတ်ပြုသည်ဟု ပြောသည်။
ထို့အတူ ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပလပ်စတစ်များကြောင့် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှုစသည့် ကမ္ဘာ့စိန်ခေါ်မှုပြဿနာများကိုဖြေရှင်းရာတွင် အေဂျင်စီ၏ ဦးဆောင်ဦးရွက်ပြုသည့် စီမံကိန်းများကိုလည်းထောက်ခံသည်ဟု ပြောကြားခဲ့သည်။
ညီလာခံတွင် IAEA နှင့် အဖွဲ့ဝင်နိုင်ငံများကြား နျူကလီးယားသိပ္ပံနည်းပညာအသုံးချမှုကဏ္ဍများ၌ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ရေးရည်ရွယ်ချက်ဖြင့် ဝန်ကြီးအဆင့်ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။