ကျပ်သန်း (၁၅၀၀) နှင့် အမေရိကန်ဒေါ်လာ (၇.၆၉) သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၉)ခု ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတည်ပြု
စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုငွေကျပ်သန်း (၁၅၀၀) နှင့် အမေရိကန်ဒေါ်လာ (၇.၆၉) သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှအတည်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂ ၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၈) ခုတို့ကို အတည်ပြုခဲ့ပေးခြင်းဖြစ်သည်။
ထိုသို့ အတည်ပြုခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ရာခိုင်နှုန်းပြည့်ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ (NS Grout, AquaCem 100, Patch Ease, Gripmate Silver, Putty, Floor Hardener) ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Wool Fiber & Yarn ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဆံပင်တု အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ စက္ကူတံဆိပ်ရိုက်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်း၌ ရာခိုင်နှုန်းပြည့်ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလတ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် (၁,၅၀၀)သန်း (ကျပ် သန်းတစ်ထောင့်ငါးရာ) နှင့် အမေရိကန် ဒေါ်လာ (၇.၆၉) သန်း (အမေရိကန်ဒေါ်လာ ခုနစ် ဒဿမ ခြောက်ကိုးသန်း) ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၅,၂၅၅) ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။