8 w - Translate

မုံရွာမြို့တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်တည်ဆောက်လျက်ရှိ

မုံရွာမြို့တွင် အနယ်နယ်အရပ်ရပ်မှ ရာသီပေါ်သီးနှံများရောင်းချသည့် ကုန်စိမ်းဈေးသည်များအတွက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧက (၃.၈)ဧက ပေါ်တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်ကြီး တည်ဆောက်လျက်ရှိကြောင်းသိရသည်။

"မုံရွာမြို့၊ မြို့အင်္ဂါရပ်နဲ့ အညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလမ်းမကြီးတလျှောက် ရောင်းဝယ်ဖောက်ကားလျှက်ရှိတဲ့ ကုန်စိမ်းဈေးသည်တွေစနစ်တကျ ရောင်းဝယ် ဖောက်ကားနိုင်ဖို့နဲ့ လမ်းမကြီးတလျှောက် ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်ကြီးကို တည်ဆောက်နေပါတယ်"ဟု မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းကပြောသည်။

ကုန်စိမ်းဈေးရုံ တည်ဆောက်ရာတွင်ပေ(၈၀×၆၀)အတိုင်း အတာရှိ ဈေးရုံ (၁၂)ရုံအား လှရတီ၊ ဘုန်းကံတိုး၊ ကံမြတ်ထွန်းကျော်၊ မြမြင့်မိုရ်အရာတော် ကုမ္ပဏီတို့မှ တည်ဆောက်လျှက်ရှိပြီး ဈေးရုံတစ်ရုံလျှင် (၂၀×၃၀)အခန်း (၈)ခန်းနှုန်းဖြင့် ကုန်စိမ်းခန်း (၉၆)ခန်း ပါဝင်မည်ဖြစ်သည်။

"ရာသီပေါ်သီးနှံတွေကို တစ်စုတစ်စည်းထဲဝယ်ယူရရှိနိုင်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်"ဟု ပြည်ထောင်စုဈေးမှ ကုန်စိမ်းဈေးသည်က ပြောသည်။

ထို့အပြင် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့သစ်ဈေး(ဗန္ဓုလဈေး) ကို ယခင်က (၉) ပေ၊ (၁၁)ပေရှိ ဆိုင်ခန်း (၂၆)ခန်း ပါသော တစ်ထပ်ဈေးရုံအားယခု အခါ RC နှစ်ထပ် အဆောက်အဦး အဆင့်မြှင့်ဈေးအဖြစ် အဆင်မြှင့်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

ဈေးရုံ၏ အောက်ထပ်ဈေးရုံတွင် (၁၀×၁၂) ပေဆိုင်ခန်း (၄၄)ခန်း နှင့် အပေါ်ထပ် အဆင့်မြှင့် Super Market များထားရှိရန် Hall Type ပုံစံဖြင့် တည်ဆောက်လျှက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှကြီးကြပ်၍ ကံစောထွန်းကုမ္မဏီက တင်ဒါစနစ်ဖြင့် တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြို့သစ်ဈေး၏ တောင်ဘက်ရှိ အောင်ချမ်းသာဈေး ပျံကျဈေးရုံ(၈)ရုံကိုလည်း ပြင်ဆင်လျက်ရှိပြီး ဈေးရုံ(၃)ရုံကို အသစ်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

image
image
image
image
image