ရုရှားလေတပ်စခန်းကို အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်ထိမှန်၊ လက်တုံ့ပြန်မယ်လို့ ရုရှားစစ်တပ် သတိပေး

နိုဝင်ဘာ၂၇

ရုရှားနိုင်ငံ ကာ့ခ်ဒေသရှိ အဓိကလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လေတပ်အခြေစိုက်စခန်းတခုကို အမေရိကန်ရဲ့ ATACMS တာဝေးပစ်ဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ ရုရှားက ရှားရှားပါးပါး ဝန်ခံပြောဆိုလိုက်ပြီး ဒီကိစ္စအပေါ် လက်တုံ့ပြန်မယ်လို့ သတိပေးလိုက်ပါတယ်။

အဲဒီဒေသမှာရှိတဲ့ ရုရှားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောဆိုပြီးနောက် တရက်အကြာမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သတိပေးလာတာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် ခါလင်နို လေတပ်စခန်းကို ထိမှန်ခဲ့ပြီး ဓါတ်ပုံနဲ့တကွထုတ်ပြန်လာပါတယ်။

ရုရှားပိုင်နက်အတွင်းကို အမေရိကန်ရဲ့ ATACMS ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှုမှာ ဒုံးကျည်ငါးစင်းအနက် သုံးစင်းကို ပစ်ချနိုင်ခဲ့သော်လည်း ကျန်နှစ်စင်းက ပစ်မှတ်တွေကို ထိမှန်ခဲ့တာကြောင့် ရေဒါစနစ်ပျက်စီးခဲ့ကာ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရုရှားစစ်တပ်က ဆိုပါတယ်။

လက်ရှိမှာတော့ အခြေအနေကို ထိန်းချုပ်ထားပြီး လက်တုံ့ပြန်ရေး အစီအမံတွေကို ပြင်ဆင်နေတယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ တချိန်တည်းမှာပဲ ရုရှားဟာ တနင်္လာနေ့ညက တိုက်ခိုက်မှုအတွင်း ဒရုန်း ၁၈၈ စင်းနဲ့အသုံးပြုခဲ့ပြီး အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။

မြောက်ကိုရီးယားတပ်တွေ ရုရှားမှာဖြန့်ကြက်ပြီး ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို တာဝေးပစ်ဒုံးကျည်တွေကို တိုက်ခိုက်ဖို့ ယူကရိန်းကို အမေရိကန်၊ ဗြိတိန်တို့ကခွင့်ပြုပြီးနောက် ယူကရိန်းအရေးဟာ ပိုမိုတင်းမာနေပါတယ်။

ရုရှားကလည်း ဒါကိုလက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းနိုင်ငံ ဒီနီပရိုမြို့ကို အင်အားပြင်းတဲ့ Oreshnik တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်ပြီး တုံ့ပြန်ခဲ့ပြီး အနောက်အုပ်စုနိုင်ငံတွေကို ရုရှားက သတိပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ရုရှားဟာ စစ်လက်နက်ပစ္စည်းနဲ့ တပ်ဖွဲ့ဝင်တွေကို မြောက်ကိုရီးယားဆီကနေ အားဖြည့် အသုံးပြုနေရပြီး ယူကရိန်းအရှေ့ပိုင်းမှ ထိုးစစ်အရှိန်မြှင့်နေပါတယ်။

Ref:BBC
Photo:Reuters/Getty Images

#centralnewsnaypyitaw

image
image
image