32 w - Translate

၄ ကြိမ်ဆက် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံအဖြစ် ဗာစတပ်ပန် ရပ်တည်

လက်စ်ဗီးဂတ်စ်-ဂရန်းပရီ (LasVegas GP) ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ ရတ်ဘူးလ်အသင်းကိုယ်စားပြု မက်စ်ဗာစတပ်ပန်က အဆင့် ၅ အဖြစ်သာ ပန်းဝင်ခဲ့ပေမဲ့ ကမ္ဘာ့ချန်ပီယံဆုကို ၄ ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီနှစ်ဖော်မြူလာဝမ်းရာသီမကုန်ခင်မှာပဲ နယ်သာလန်နိုင်ငံသား ဗာစတပ်ပန်က ကမ္ဘာ့ ကားမောင်းချန်ပီယံရှစ်ကို ရမှတ် ကွာခြားချက်အရ အခုလိုမျိုး ပိုင်ဆိုင်နိုင်ခဲ့တာပါ။

ဒီတခေါက်ပြိုင်ပွဲမှာတော့ မာစီဒီးစ်အသင်းရဲ့ ကားမောင်းသမား ဂျော့ချ်ရပ်ဆဲလ်ဟာ ထိပ်ဆုံးကနေအနိုင်ရခဲ့သလို ကမ္ဘာ့ချန်ပီယံ ၇ ဆုရှင် အသင်းဖော်ဖြစ်တဲ့ လူးဝစ်(စ) ဟာမီလ်တန် ကိုလည်း ဒုတိယနေရာမှာ ရှိနေတာတွေ့ရပါတယ်။

အသက် ၂၇ နှစ်အရွယ် ဗာစတပ်ပန်ဟာ ဖာရာရီအသင်း ကိုယ်စားပြု ပြိုင်ပွဲဝင် ၂ ယောက်ရဲ့ နောက် ပဉ္စမအဖြစ်သာ ပန်းဝင်နိုင်ခဲ့ပေမဲ့ ချန်ပီယံဆုအတွက်တော့ လုံလောက်ခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ မက်ကလယ်ရန်-အသင်းက လန်ဒို နောရစ်(စ်)နဲ့ ဗာစတပ်ပန်တို့ကြားမှာ ၆၃ မှတ်အထိကို ကွာဟသွားတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ချန်ပီယံ ၄ ဆုရှင် ဗာစတပ်ပန်ဟာ ဆဘတ်ရှန် ဗတ်တယ်၊ အလန်း ပရော့စ် တို့နဲ့အတူ တတန်းတည်း ဖြစ်လာခဲ့ပြီး သူ့အထက်မှာ နောက်ထပ်ဂန္ထဝင် ၃ ယောက်သာ ရှိပါတော့တယ်။

“လွန်ခဲ့တဲ့ရာသီထက် အနည်းငယ်ပိုပြီး ခက်ခဲပေမဲ့လည်း ငါတို့လုပ်ပြနိုင်ခဲ့တယ်။ အံ့အားသင့်စရာ ရာသီတခုပါပဲ" ဆိုပြီး ဗာစတပ်ပန်က အသင်းဖော်တွေကို ပြောဆိုခဲ့ ပါတယ်။

ဖော်မြူလာဝမ်းရဲ့ အသင်းလိုက်ဆုဖြစ်တဲ့ Constructor ချန်ပီယံရှစ်မှာလည်း မက်ကလယ်ရန်အသင်းက ဦးဆောင် နေပြီး ဒုတိယနေရာမှာရှိတဲ့ ဖာရာရီအသင်းကို ၂၄ မှတ်အထိ ဖြတ်ထားပါတယ်။

အခုနှစ်ရာသီအတွက် နောက်ဆုံးပြိုင်ပွဲနှစ်ခုထဲက ကာတာဂရန်းပရီပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ နဲ့ အဘူဒါဘီဂရန်းပရီပြိုင်ပွဲကိုတော့ ဒီဇင်ဘာ ၈ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
DVB
Photo-Reuters

image