အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ ယာယီအပစ်ရပ်ဖို့ နီးစပ်လာ

နိုဝင်ဘာ ၂၆

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးတို့အကြား ယာယီအပစ်အခတ်ရပ်စဲရေးရရှိဖို့ နီးစပ်လာပြီးလို့ အစ္စရေးအစိုးရတာဝန်ရှိသူတွေနဲ့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အပစ်ရပ်ရေး သဘောတူညီချက်တခုအတွက် အစ္စရေးအစိုးရအဖွဲ့ဟာ ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပြီး အဆိုပြုချက်ပါအချက်တွေကို အတည်ပြုဖို့ ရည်ရွယ်ထားကြောင်း အစ္စရေးအစိုးရ တာဝန်ရှိသူကပြောပါတယ်။ သဘောတူညီချက်ကို မူအားဖြင့် သဘောတူတယ်လို့ အစ္စရေး ဝန်ကြီးချုပ်နေတန်ယာဟုက ပြောပါတယ်။

နေတန်ယာဟု စိတ်မပြောင်းဘူးဆိုရင် အပစ်အခတ်ရပ်စဲရေးမှာ ကြီးမားတဲ့ အတားအဆီးမရှိဘူးလို့ လက်ဘနွန်လွှတ်တော် ဒုတိယဥက္ကဌ အီလီယက်စ်ဘောဆတ်ဘ်က ပြောပါတယ်။ နှစ်ဖက်အကြား သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုတွေ သိသိသာသာ တိုးတက်လာကြောင်း ပြင်သစ်နဲ့ အမေရိကန်တို့ကလည်း ဆိုပါတယ်။

အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးကာလဟာ ရက်ပေါင်း ၆၀ ကြာမြင့်မည်ဖြစ်ပြီး လက်ဘနွန်ကနေ အစ္စရေးတပ်တွေ ဆုတ်ခွာရေးလည်းပါဝင်ပါတယ်။ အပြန်အလှန်အားဖြင့် ဟဇ်ဘိုလာတို့ဟာ နိုင်ငံတကာ နယ်စပ်ရဲ့မြောက်ဘက် ၁၈ မိုင်အကွာ လီတာနီမြစ်တောင်ဘက်ကနေ ဆုတ်ခွာရမှာဖြစ်ပြီး အစ္စရေးတပ်တွေ နေရာယူမှာဖြစ်ပါတယ်။

နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရရှိဖို့ နီးကပ်လာပြီလို့ သံတမန်သတင်းရင်းမြစ်တွေက ထုတ်ဖော်ပြောဆိုထားပမယ့်လည်း ပြီးခဲ့တဲ့နေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ လူ ၃၁ ယောက်သေဆုံးခဲ့ပြီး ဟဇ်ဘိုလာတို့ကလည်း အစ္စရေးကို ဒုံးကျည် အစင်း ၁၆၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image