တစ်ရက်လျှင် ဆီတန်ချိန် (၅၀) ကြိတ်ခွဲနိုင်ပြီး ထုတ်လုပ်နိုင်မည့် စံချိန်ဆီစက်ရုံကို ရွှေပြည်သာမြို့နယ်တွင် ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ (၂၄)ရက်က ဖွင့်လှစ်လိုက်သည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံမှ တစ်ရက်လျှင် ဆီတန်ချိန် (၅၀) ကြိတ်ခွဲနိုင်ပြီး တစ်လလျှင် ဆီတန်ချိန် (၁၅၀၀) ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် ၊ အမှတ် (၆၂) ၊ ကမ်းနားလမ်းနှင့် ဦးချိန်လမ်းထောင့် စက်မှုဇုန်(၂)၌ Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၂၄)ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း စသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားအတွင်း စံချိန်ဆီစက်ရုံအတွင်း ထုတ်လုပ်ထားသည့် ဆီများ ပြသထားမှု၊ ဆီထုတ်လုပ်ပြီး ကုန်ကြမ်းများ ဆောင်ရွက်ထားမှုအခြေအနေများနှင့် ဆီထုတ်လုပ်နေမှုအဆင့်ဆင့်တို့ကို စက်ရုံတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြကြောင်း သိရသည်။
အဆိုပါ ဖွင့်လှစ်သည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant)သည် မြန်မာနိုင်ငံတွင် မြေပဲနှင့် နေကြာဆီထွက်သီးနှံကို စတင်ကြိတ်ခွဲ ထုတ်လုပ်သော စက်ရုံကြီးတစ်ခုဖြစ်ကြောင်း ၎င်းအခမ်းအနားမှ သိရသည်။
အဆိုပါ စက်ရုံမှ တစ်လလျှင် ဆီတန်ချိန် (၁၅၀၀)အထိ ထုတ်လုပ်နိုင်သည့်အတွက် ပြည်ပဆီတင်သွင်းမှုကို လျော့စေပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရေးတို့တွင် အထောက်အကူပြုနိုင်ကြောင်း တာဝန်ရှိသူတို့၏ ပြောဆိုချက်အရ သိရသည်။