8 w - Translate

မြန်မာ့တူရိယာစောင်းကောက်ကို စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြတိုက်သို့ လွှဲပြောင်းပေးအပ်

မြန်မာ့တူရိယာစောင်းကောက်ကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြ တိုက်သို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းမှ နိုဝင်ဘာ ၂၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီ ဒု-ဥက္ကဋ္ဌ Mr. Vyacheslav Kalganov နှင့် ဂီတပြတိုက်မှ ဒါရိုက်တာ Ms. Natalia Metelitsa တို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြသည်။

ထို့နောက် မြန်မာ့သိုင်းပညာဖျော်ဖြေသရုပ်ပြမှုအပါအဝင် မြန်မာ၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားယဉ်ကျေးမှုအဖွဲ့များက အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းသည် နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့က ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးတည်ထောင်မှု(၇၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီတို့ပူးပေါင်း၍ စိန့်ပီတာစဘတ်မြို့၌ကျင်းပခဲ့သည့် Myanmar Days in St. Petersburg အခမ်းအနားများကိုလည်းတက်ရောက်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ သဘာဝရေမြေတောတောင်အလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ရုရှားနှင့်နိုင်ငံတကာခရီးသွားပြည်သူများကြည့်ရှုခံစားနိုင်စေရန်ရည်ရွယ်၍ တစ်ပတ်ကြာခင်းကျင်းပြသမည့် “မြန်မာ့ရှုခင်း”ဓာတ်ပုံပြ ပွဲဖွင့်ပွဲအား စိန့်ပီတာစဘတ်မြို့ရှိ Pulkovo လေဆိပ်၌ကျင်းပခြင်းကိုလည်းတက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

imageimage