ဒုတိယအချီမှာအလဲထိုးခံလိုက်ရတဲ့ ထွန်းမင်းအောင်
နိုဝင်ဘာ ၂၃
မနေ့ နိုဝင်ဘာလ ၂၂ ရက်ညမှာကျင်းပခဲ့တဲ့ One Friday Fight 88 ပြိုင်ပွဲမှာပါဝင်ထိုးသတ်တဲ့ မြန်မာဖိုက်တာ ထွန်းမင်းအောင်ကတော့ ဒုတိယအချီအလဲထိုးနဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။
ထွန်းမင်းအောင်က မော်ရိုဂိုနိုင်ငံသား အဖ်ဒီလာလီ ဇာဟီဒီ ( Abdelali Zahidi ) နဲ့ ၃မီနစ် ၃ ချီ မွေထိုင်းပွဲ ထိုးသတ်ခဲ့ကြတာ ဖြစ်ပြီးတော့ ဒုတိယအချီပြီးခါနီး စက္ကန့် နှစ်ဆယ်အလိုမှာ ခေါင်းအကန်ခံရလို့ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။
ပထမအချီ စစချင်းမှာ ထွန်းမင်းအောင်ဘက်က လက်သီးထိုးချက်တွေနဲ့ စထွက်လာပြီးတော့ ပြိုင်ဘက်က အောက်ခြေခတ် တွေဆက်တိုက်ပြန်ကန်ပြီးတော့ ထွန်းမင်းအောင်တစ်ခါကျသွားပါတယ်။ အချင်းချင်းအကြိတ် အနယ်ထိုးသတ်ကြရင်း ဝင်ပူးကြတဲ့အချိန်ပြိုင်ဘက်ထံက တံတောင်ရိုက်ချက်တွေပြန်ထွက်ပါတယ်။ ပထမ အချီမှာတော့ သူတင်ကိုယ်တင်နဲ့ပဲ အချီပြည့်သွားခဲ့တယ်။
ပြိုင်ဘက်က ဒုတိယအချီမှာလည်း အကွာအဝေးကို ကောင်းကောင်းထိန်ညှိပြီးတော့ ခေါင်တာကစားပါတယ်။ ထွန်းမင်းအောင် က ဆက်တိုက်တိုက်စစ်လိုက်ပြီးကစားခဲ့ကာ အပြိုင်အဆိုင်ထိုးကြိတ်ကြရင်း နဲ့ ဒုတိယအချီ ၂ မီနစ် နဲ့ စက္ကန့် ၄၀ ကျော်မှာ ပြိုင်ဘက်ဆီက မထင်မှတ်ထားတဲ့ အမြင့်ကန်ချက်ထိပြီး ထွန်းမင်းအောင်ကျသွားပြီး ဒိုင်ကပွဲရပ်လိုက်ပါတယ်။
အဖ်ဒီလာလီ ဇာဟီဒီ ( Abdelali Zahidi ) ဟာ မွေထိုင်းလောကမှာကျင်လည်ခဲ့သူဖြစ်ပြီးတော့ နိုင်ငံတကာ မွေထိုင်းအသင်းများအဖွဲ့ချုပ် (International Federation of Muaythai Associations) ကကျင်းပတဲ့ U23 မွေထိုင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သလို တခြားမှတ်တမ်းကောင်းတွေကိုလည်း ပိုင်ဆိုင်ထားသူပါ။ ထွန်းမင်းအောင်နဲ့ ပွဲဟာ သူ့အတွက် One Friday Fight ပွဲဦးထွက်ဖြစ်ပြီးတော့ အလဲထိုးချက်နဲ့အတူ ဘောနပ်စ် ဘတ် ၃ သိန်းခွဲကို လည်းဆွတ်ခူးသွားခဲ့ပါတယ်။
မြန်မာဖိုက်တာ ထွန်းမင်းအောင်ကတော့ One Friday Fight မှာ ၃ ပွဲမြောက်ထိုးသတ်ထားတာဖြစ်ပြီးတော့ ၁ ပွဲ နိုင်၊ ၂ ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
#centralnewsnaypyitaw


