Part-1
တစ်ခဏ
လောကမှာ ထာဝရဆိုတာ
ဘယ်တော့မှ မရှိဘူး
တစ်ခဏလေးတေ္ ချည်းပါပဲ။
ဒေါက်တာအရှင်နန္ဒမာလာဘ်ဝံသ
ဆရာတော်ပြောတဲ့ “တစ်ခဏ”ဆိုတာ ဆရာနိုးမဲ့ ကျွန်မအတွက်တော့ နှစ်ပေါင်း ၅၂ နှစ်ပါပဲ။ ၁၉၇၀ ဆရာ့ဆီ ကျူရှင်တက်ခဲ့တယ့် နှစ်ကနေ စရေတွက်လိုက်ရင်သူ ကျွန်မကိုခွဲထားရစ်ခဲ့တယ့် ၂၀၂၂ နှစ်ထိ နှစ်ပေါင်း ၅၂ နှစ်ဟာ ကျွန်မတို့တွက်တော့ တစ်ခဏပါပဲ။ အချိန်တွေဆွဲဆန့်လို့ရရင်တော့ အတိုင်းထက်အလွန်ပေါ့လေ။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော် ၁၉၇၀-၇၁ ရော့သင်တန်းတက်ဖို့ ဖေဖေကိုယ်တိုင် ဆရာ့ဆီကိုလိုက်အပ်ပေးတယ့်အချိန်ကစပြီး ဆရာနဲ့ကျမတို့ရဲ့ အမှတ်မထင်ကနေ တစ်ဘဝစာ အမှတ်တရရှိခဲ့ရတာလေ။ ပြန်တွေးတိုင်းမြင်ယောင်နေမိတယ်။ သူ့စားပွဲရှေ့က ကပ်လျက်ခုံတန်းမှာ ကျွန်မနဲ့ သူငယ်ချင်းရွှေနီတို့ အတူထိုင်ခဲ့ကြတာ ဆယ်တန်းသင်တန်းမပြီးမချင်းပေါ့။ Grammar လေ့ကျင့်ခန်းလုပ်တယ့်နေ့တွေမှာ ကျွန်မကလေ့ကျင့်ခန်းတွေဖြေနေချိန် ဆရာက သူ့စားပွဲပေါ်မှာ မြေဖြူနဲ့ ကျွန်မပုံတူဆွဲနေတတ်ပါတယ်။
ဘာကြောင့် တခြားကျောင်းသူပုံမဆွဲဘဲ ကျွန်မပုံကိုမှ ဆွဲတာလဲဆိုတာတော့သူမှသိနိုင်မှာပါပဲ။ ၁၉၇၁ ဇန်နဝါရီနှစ်သစ်မှာ ကျူရှင်ခ ၁ဝိ တန်အသစ်လေးပေါ်မှာ Happy New Year လို့ ရေးရမှာကို New အစား New လို့ကိုယ့်နာမည်ပေါင်းနေကျအကျင့်ပါပြီး Happy New Year ဖြစ်သွားတော့တာပေါ့။ ကျွန်မက ဘာရယ်မဟုတ် နှစ်သစ်မို့ အမှတ်တရရေးပေးမိတာပါ။ အဲ့ဒီ ၁ဝိ တန်လေးကို ကျွန်မဘွဲ့ရပြီးတယ့်အချိန် ဆရာ့ဆီရောက်တော့ ဆရာထုတ််ပြတော့ အံ့ဩသင့်ပြီး ဆရာ့အတွင်းစိတ်ကို ကျွန်မခန့်မှန်းလို့ရခဲ့တယ်။ ပညာရေးတက္ကသိုလ်တက်နေတဲ့တစ်လျောက်လုံး ဆရာနဲ့ မကြာမကြာတွေ့ကြပေမဲ့ အဲ့ဒီ ၁ဝိ တန်လေးအကြောင်းတစ်ခွန်းမှ မဟခဲ့ဘူး။ ဒီလိုသိမ်းထားလိမ့်မယ်လို့လည်း ကျွန်မ မထင်ခဲ့မိဘူး။ အခုလည်း ဘယ်မှာသိမ်းထားလဲမသိ၊ သူ့ပစ္စည်းတွေ ရှင်းလင်းရေးလုပ်နေတာမတွေ့မိသေးဘူး။
ကျွန်မဘွဲ့ဓာတ်ပုံလေး ပန်းချီဆွဲပေးမယ်ဆိုပြီးတောင်းတော့ ပေးလိုက်တယ့်အချိန်မှာ ပုံနောက်မှာ သူ့လက်မှတ်ကောက်ထိုးလိုက်တာ၊ အပိုင်ယူတယ်ဆိုတဲ့ သဘောပေါ့လေ။ ညားသာသွားရော ပန်းချီကားဖြစ်မလာဘူး။ ဓာတ်ပုံလေးကိုတော့ သူ့ရဲ့ငွေစုစာအုပ်ထဲမှာညှပ်ထားတာ တွေ့ရတယ်။ သမီးရည်းစားကာလမှာ ပြောဖူးတာကတော့ ဘဏ်စာအုပ်မှာ ငွေစုသလို အချစ်တွေစုတယ်လို့ ပြောတာပဲ။ သောကြာသား စာရေးဆရာ ကဗျာဆရာဆိုတော့လည်း စကားကြွယ်တာပေါ့လေ။
#ဆက်ရန်ရှိ